အင်န်အယ်ဒီ လူငယ် ကိုတင်ကို မန္တလေးထောင်မှ ပြန်လွတ်

မန္တလေးတိုင်း မိတ္ထီလာမြို့က အင်န်အယ်ဒီ လူငယ်အဖွဲ့ဝင် ကိုတင်ကိုဟာ မန္တလေး အိုးဘိုထောင်ကနေ ဩဂုတ်လ ၁၃ ရက် ဒီကနေ့ မနက် ပြန်လွတ် လာပါတယ်။ ထောင်က လွတ်လာပြီးလို့ မကြာခင်မှာပဲ သူ့အနေနဲ့ နိုင်ငံရေး ဆက်လုပ်မယ်လို့ RFA ကို ပြောပါတယ်။

2010.08.13
mandalay_prison_305_Z.jpg မန္တလေးထောင်ကို အဝေးမှ မြင်ရပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

ဒီကနေ့ ပြန်လွတ်တယ်ဆိုပေမဲ့ ကိုတင်ကိုရဲ့ ထောင်က လွတ်ရမဲ့ရက် ကျော်နေတာ ကြာပြီလို့ သိရပါတယ်။ သူ့ကို နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး စတင် ဖမ်းဆီးထားချိန်က စလို့ ထောင်ထဲမှာ၂ နှစ်နဲ့ ၁၀ လကျော် နေခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုတင်ကိုဟာ မိုးကုတ်က အင်န်အယ်လ်ဒီလူငယ် ကိုဝင်းရွှေ၊ ကိုမင်းသူတို့နဲ့အတူ ထောင်ထဲမှာ နေခဲ့ရတယ်လို့ သိရပါတယ်။ မန္တလေး အိုးဘိုထောင်အတွင်းမှာ နိုင်ငံရေး အကျဉ်းသား ၁၀ဝ ကျော် ရှိပြီး အတော်များများဟာ ကျန်းမာရေးကောင်းကြတယ်လို့ ပြောပါတယ်။

သူ့အနေနဲ့ အပြင်လောကနဲ့ အဆက်ပြတ်နေခဲ့တဲ့အတွက် နိုင်ငံရေးအခြေအနေတွေကို ပြန်လေ့လာပြီးရင် နိုင်ငံရေးကို ဆက်ပြီး လုပ်သွားမှာ ဖြစ်တယ်လို့ RFA ကို အခုလိုပြောပြပါတယ်။

“နိုင်ငံရေးကတော့ ဆက်လုပ်ရမှာပေါ့ဗျာ။ ဘာပဲပြောပြော ကျနော်တို့ တာဝန်ရှိနေတယ်၊ ကျနော်တို့တင် မဟုတ်ပါဘူး နိုင်ငံရေး အရ လက်ရှိ ပရောဆက် မှာ ဘယ်လိုပဲပြောပြော ပြည်သူ သန်း ၆၀ လုံးဟာ နိုင်ငံရေးထဲမှာ ပါဝင်ရမှာပဲ။ ကျနော်တို့လည်း အတိုင်းအတာတခုထိတော့ ဆက်ပြီးလုပ်ရဦးမှာပဲ အခု လက်ရှိက ၃ နှစ်လောက်က အတွင်းထဲမှာ ရောက်နေတယ်၊ အတွင်းထဲမှာ သိရတဲ့ အနေအထားကလည်း သိပ်ပြီးတော့ ထဲထဲဝင်ဝင် မရှိဘူးပေါ့။ အခုဟာက အပြင်က အခြေအနေအားလုံးကို ပြန်ပြီးတော့ လေ့လာကြည့်ရအုံးမှာ၊ ပြီးတော့မှ အားလုံးနဲ့ ညှိနှိုင်း တိုင်ပင်ပြီးတော့ ဘာလုပ်သင့်တယ် ဆိုတာကို ဆုံးဖြတ် စဉ်းစားထားတယ်။”

ကိုတင်ကို ကို နိုင်ငံရေး စာရွက်စာတမ်း ကြေညာချက်တွေကို မိတ္တူကူးပြီး ဖြန့်တဲ့အတွက် ၂၀ဝ၇ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ဖမ်းဆီးပြီး ထောင်ဒဏ် အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။

သူနဲ့အတူ မန္တလေးအင်န်အယ်လ်ဒီ တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ၊ မတ္တရာ လွှတ်တော်အမတ် ဦးသန်းလွင်၊ မိုးကုတ်ကလူငယ် ကိုမင်းသူ၊ ကျောက်ပန်းတောင်းက ကိုဝင်းရွှေ၊ ဦးကံထွန်း အားလုံး ၆ ယောက်ကို ၂၀ဝ၈ ခုနှစ် အောက်တိုဘာလအတွင်း မန္တလေး အိုးဘိုထောင် အထူးတရားရုံးကနေ ၂ နှစ်ကနေ ၁၃ နှစ်အထိ ထောင်ဒဏ်တွေ ချခဲ့ပါတယ်။ ကျန်တဲ့ ၅ ယောက်ကတော့ ထောင်တွင်းမှာ ဆက်ပြီး ပြစ်ဒဏ် ကျခံနေရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။