ရှမ်းပြည်မြောက်ပိုင်းမှာ ဂျပန်ဦးနှောက်ရောင် ရော ဂါဖြစ်ပွား မှုနှုန်းများလာ


2016.08.08
child-hospital-620.jpg လားရှိုးပြည်သူ့ဆေးရုံမှာ သြဂုတ်လ ၈ ရက်နေ့က တက်ရောက်ကုသနေသော ကလေးငယ်တစ်ဦးကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်လအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ ၂ဝ ကျော်ရှိနေပြီး လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ကွမ်လုံ၊ ဟိုပန်၊ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေမှာ ရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထင်လင်း က ပြောပါတယ်။

ရောဂါဖြစ်ပွားသူတွေထဲက နှစ်ဦး သေဆုံးခဲ့တယ်လို့ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ထင်လင်း က ပြောပါတယ်။

"လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ကွမ်လုံ၊ ဟိုပန်၊ လောက်ကိုင်နဲ ကုန်းကြမ်းဘက်မှာ ဒီရောဂါကိုတွေ့ရပါတယ်၊ တစ်လအတွင်းမှာ ဂျပန်ဦးနှောက်ရောင်ရောဂါပေါ့ သံသယရှိလူနာတွေတိုးလာတယ်၊ ဖြစ်ပွားနှုန်းလည်း များလာတယ်"

အဲ့ဒီရောဂါဟာ ပြီးခဲ့တဲ့မတ်လက လားရှိုးမြို့နယ် ဗုံမွန်မြောင်ဇီး တိုင်းရင်းသားကျေးရွာမှာ စတင်ဖြစ်ပွားခဲ့တာဖြစ် ပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လားရှိုးမြို့မှာ ၄ ဦး၊ သိန်းနီမြို့မှာ ၁ ဦး၊ ကွတ်ခိုင်မြို့မှာ ၃ ဦး၊ ကွမ်လုံမှာ၂ ဦး၊ ဟိုပန်မှာ ၃ ဦး၊ လောက်ကိုင်မှာ ၉ ဦးနဲ့ ပန်ဆန်းမှာ ၁ ဦး စုစုပေါင်း ၂၃ ဦး ဖြစ်ပါတယ်။

ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူတွေဟာ သုံးနှစ်ကနေ အသက် ၄၄ နှစ်ကြား ဖြစ်ပွားနေတာဖြစ်ပြီး အများစုဟာ မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေက ဖြစ်ပါတယ်။

ဂျပန်ဦးနှောက်ရောင် ရောဂါလက္ခဏာတွေကတော့ အဖျားကြီးခြင်း၊ ဇက်ခိုင်ခြင်းနဲ့ တက်ခြင်း တို့ဖြစ်ပါတယ်။

အဲ့ဒီရောဂါဟာ အိမ်မွေးတိရစ္ဆာန်တွေကို ကိုက်တဲ့ခြင်တွေကတဆင့် ကူးစက်တာဖြစ်ပြီး ရောဂါအတွက် ကုသဖို့ ဆေးမရှိသေးသလို ရောဂါဖြစ်ပွားသူအများစုဟာ သေဆုံးတာများတယ်လို့လည်း ပြောပါတယ်။

ခြင်ကိုက်မခံကြဖို့နဲ့ အိမ်မွေးတိရစ္ဆာန်တွေကို နေအိမ်တွေနဲ့အဝေးမှာ မွေးကြဖို့ ဒေါက်တာထင်လင်းက သတိပေး ပါတယ်။

အရင်က ကလေးငယ်တွေမှာပဲ အဖြစ်များတာတေ့ွရပေမယ့် လက်ရှိ လူကြီး၊ လူငယ် အသက်အရွယ်မရွေး ဖြစ် ပွားနေတာကြောင့် ခြင်မပေါက်ဖွားနိုင်အောင် ကာကွယ်ဖို့နဲ့ ရောဂါဖြစ်ပွားလာရင်လည်း သက်ဆိုင်ရာကျန်းမာရေး ဌာနတွေကို အမြန်ဆုံးသွားရောက် ကုသကြဖို့လည်း တိုက်တွန်းထားပါတယ်။

ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ထင်လင်း ကို RFA သတင်းထောက် ကိုကံသာ က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။