ကလေးတစ်ဦး သေဆုံးမှု ကာကွယ်ဆေးနဲ့ ဆက်စပ်မှုမရှိ
2017.11.21
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးပြီး ၃ရက်အကြာမှာ သေဆုံးသွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာက ကလေးတစ်ဦးဟာ တခြားရောဂါအခံနဲ့ သေဆုံးတာဖြစ်ပြီး ကာကွယ်ဆေး နဲ့ ဆက်စပ်မှုမရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မန်နေဂျာက ဒီကနေ့ ပြောပါတယ်။
ကွင်းဆင်းပြီးစစ်ဆေးတဲ့ အဖွဲ့ရဲ့ တင်ပြချက်အရ တခြားရောဂါနဲ့ သေဆုံးတာဖြစ်တယ်လို့ ကနဦးဆုံးဖြတ် ထားကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မန်နေဂျာ ဒေါက်တာဒေါ်ထားထားလင်း က ပြောပါတယ်။
"ကွင်းဆင်းပြီး စစ်ဆေးတဲ့အဖွဲ့က တင်ပြတာကတော့ ကလေးက လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက တကိုယ်လုံးဖောရောင်လိုက်၊ ဆီးမသွားနိုင်လိုက်၊ ရောဂါမျိုးတွေဖြစ်ဖူးတယ်၊ ကလေးမှာ အခုဆေးထိုး ပြီးတော့ ၃ ရက်အတွင်းမှာဖြစ်ခဲ့တဲ့ လက္ခဏာတွေက ကာကွယ်ဆေးနဲ့ ဆက်စပ်တဲ့လက္ခဏာမျိုး မဟုတ်ဘူး၊ အချိန်ကလည်း ဆက်စပ်ခြင်းမရှိဘူး၊ အဲဒါကြောင့် ကျမတို့ကတော့ တခြားရောဂါနဲ့သေဆုံး တယ်လို့ ကနဦး ဆုံးဖြတ်ထား ပါတယ်။"
ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးတွေကို နိုင်ငံတစ်ဝှမ်းက အသက် ၅ နှစ်ကနေ ၁၅ နှစ်အထိကလေးငယ်တွေကို နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ထိုးပေးနေတာဖြစ်ပြီး မနေ့ကအထိ ကလေးငယ် ၆ သန်းကျော်လောက်ကို ထိုးနှံပေးပြီးပြီလည်း ဖြစ်ပါတယ်။
ဆေးထိုးပြီးနောက်ပိုင်း မူးတာ၊ အန်တာတွေကြောင့် ဆေးရုံတင်စောင်ကြည့်ခဲ့ရတဲ့ ကလေး အယောက် ၄၀ လောက်ရှိခဲ့ပြီး ဆေးရုံတင်ရလောက်တဲ့အထိ မဟုတ်ဘဲ သာမန်ခဏတာမူးတာမျိုးတွေကတော့ ကလေး ၅ ထောင်လောက်ဖြစ်ခဲ့တယ်လို့လည်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကနေ သိရပါတယ်။
သေဆုံးသွားတဲ့ ကညင်ချောင်းကျေးရွာက အသက် ၇ နှစ်အရွယ် ကလေးငယ်ဟာ ကာကွယ်ဆေးမထိုးခင်မှာ လတ်တလောနေမကောင်း ဖြစ်နေတာမျိုး မရှိသလို ဆေးထိုးပြီး နာရီဝက်အကြာမှာလည်း ဘာပြဿနာမှ မရှိခဲ့ဘူးလို့ ဒေါက်တာဒေါ်ထားထားလင်း က ပြောပါတယ်။
အဲဒီကလေးငယ်ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျောင်းမှာ ကာကွယ်ဆေးထိုးခဲ့ပြီးနောက် ၁၇ ရက်နေ့က စကာ အန်တာ၊ အစားအသောက်ပျက်တာတွေဖြစ်ခဲ့ပြီး ၁၉ ရက်နေ့မှာ ဖျားကာ အဲဒီနေ့ နေ့လည်ပိုင်းမှာပဲ သေဆုံးသွားခဲ့ တာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂) မှာ ပညာသင်ကြားနေတဲ့ အသက် ၁၃ နှစ်အရွယ် သတ္တမတန်းကျောင်းသူတစ်ဦး ကာကွယ်ဆေးထိုး ပြီးနောက်ပိုင်း ၆နာရီခန့်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး ဗဟိုနဲ့ ပြည်နယ်အဆင့် ကျွမ်းကျင်သူတွေ၊ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးချက် အဖြေတွေရရှိရင် အသိပေးကြေညာသွားမယ်လို့လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောထားပါတယ်။