ကရင်ပြည်နယ်မှာ ဂျပန် ဦးနှောက်ရောင်ရောဂါကြောင့် ၃ ဦး သေဆုံး
2016.08.20

ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ဖာပွန် စတဲ့မြို့နယ် ၄ ခုမှာ ဇူလိုင်လကနေ သြဂုတ် ၁၉ ရက်နေ့ အထိ ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် သေဆုံးသူ ၃ ဦးရှိပြီး ရောဂါခံစားနေရသူ ၁၄ ဦးရှိနေတယ်လို့ ကရင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထွန်းမင်း က ပြောပါတယ်။
ရောဂါပိုးတွေ့ရှိတဲ့နေရာတွေမှာ ကာကွယ်ကုသရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ ကရင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောပါတယ်။
"ဆေးရုံတက်နေတဲ့ သူတွေထဲက မသင်္ကာတဲ့လူနာတွေကို သွေးဖောက်ပြီးစစ်ဆေးပြီးတော့မှ ပိုးတွေ့တဲ့လူ နာတွေကို စာရင်းပြုစုပြီးတော့ အဲ့ရွာမှာ ကွင်းဆင်းပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေဆောင်ရွက်တာ၊ အလားတူပေါ့နော်၊ ဒီရောဂါသံသယရှိတဲ့သူတွေရှိသေးလားဆိုပြီး ကျနော်တို့ အဲလိုလေးတွေလိုက်စစ် တာပေါ့၊ တကယ်လို့ ရောဂါရှိတယ်ဆိုရင် အချိန်မှီဆေးရုံတင်ပြီးကုသတာပေါ့"
အဲ့ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်တာဖြစ်ပြီး ကလေးငယ်တွေမှာ ပိုပြီးအဖြစ်များနေတာဖြစ်တယ် လို့လည်း ပြောပါတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါဟာ စပါးခင်းတွေမှာ ရှင်သန်ပေါက်ဖွားတဲ့ ခြင်တွေကတဆင့် ဝက်၊ ကျွဲ၊ နွားတွေကို ကိုက်ရာကနေ လူတွေဆီကို ထပ်ပြီး ကူးစက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။
လာမယ့် ၂ဝ၁၇ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပေးသွားဖို့လည်း စီစဉ်နေပါတယ်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်လအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ ၂ဝ ကျော် ရှိနေပြီး လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ကွမ်လုံ၊ ဟိုပန်၊ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေမှာ ရောဂါဖြစ်ပွားမှုတွေ ရှိနေပါတယ်။