ဧရာဝတီကျောင်းသားတွေ သပိတ်မှာ ပါဝင်လာပြီ


2015.01.29

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြမယ့် ဧရာဝတီတိုင်းက ကျောင်းသားတွေ ပုသိမ်မြို့ကို စုစည်းရောက်ရှိနေ ပြီး သပိတ်စစ်ကြောင်းချီတက်ပွဲ ဒီနေ့ စတင်မယ်လို့ ပြောကြားပါတယ်။

ပုသိမ်မြို့က ကျောင်းသားတွေအပြင် မြောင်းမြ၊ မအူပင် အစရှိတဲ့မြို့တွေက ကျောင်းသားတွေလည်း ရောက်နေပြီး ရန်ကုန်က တက္ကသိုလ်တွေမှာ ဧရာဝတီတိုင်းကနေ သွားတက်ရောက်နေတဲ့ ကျောင်းသားတွေ လာရောက်ပူးပေါင်းကြ တာပါ။

ဧရာဝတီတိုင်း ပညာရေးဒီမိုကရေစီစစ်ကြောင်း အစီအစဉ်တွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ကိုတေဇာက ပြောပြပါတယ်။

"ကျနော်တို့ ဒီဧရာဝတီသပိတ်စစ်ကြောင်းက မနက် ၁ဝ နာရီကနေ စတင်ပြီးတော့ သပိတ်မှောက်သွား မှာပါခင်ဗျ၊ မနက် ၁ဝ နာရီနာရီကနေပြီး ကျနော်တို့စစ်ကြောင်းဟာ ပုသိမ်တစ်မြို့လုံးကိုပတ်မယ်၊ ပတ်ပြီး လို့ရှိရင် အချိန်အတိုင်းအတာပေါ်မူတည်ပြီးတော့ နားရင်လည်းနားမယ်ပေါ့နော်၊ မနားပဲနဲ့နောက်တစ်နေ့ ၃၁ ရက်နေ့ကို ကျနော်တို့ ကျောင်းတွေကိုလည်း ဆက်လက်ပြီးတော့ ချီတက်ပြီးတော့ ဆန္ဒပြဖို့စီစဉ်ထားပါတယ် ခင်ဗျ"

ပခုက္ကူက ကျောင်းသားတွေလည်း ဧရာဝတီတိုင်းက ကျောင်းသားတွေနဲ့ လာရောက်ပူးပေါင်း ကြမယ်လို့ ပြောပါတယ်။

အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ ကျောင်းသားတွေဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ပညာပါရမီစာသင်ဝိုင်းမှာ တည်းခိုကြတယ်လို့ဆိုပါတယ်။ အာဏာပိုင်တွေဘက်က အနှောင့်အယှက် တစ်စုံတစ်ရာပေးတာ မရှိပေမဲ့ စောင့်ကြည့်နေ တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်တယ်လို့ မနေ့ကထုတ် သတင်းစာတွေမှာ ပါရှိပါတယ်။

ဒီနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာမှာတော့ လမ်းလျှောက်ဆန္ဒထုတ်ဖော်သည့် ကျောင်းသားအဖွဲ့ ကျောက် ပန်းတောင်းမြို့သို့ရောက်ရှိလို့ ပါရှိပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ အချက် ၁၁ ချက်တောင်းဆိုထားပြီး ဒီအထဲ ပညာရေးမူဝါဒနဲ့ ဥပဒေရေးဆွဲတဲ့ အခါ ကျောင်းသားနဲ့ ဆရာကိုယ်စားလှယ်တွေ ပါဝင်ဖို့နဲ့ ကျောင်းသားသမဂ္ဂတွေကို တရားဝင်ဖွဲ့စည်းခွင့်ပြုဖို့လည်း ပါရှိပါတယ်။

ဧရာဝတီတိုင်းက ပညာရေးဒီမိုကရေစီ စစ်ကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။