ဝန်ကြီးဦးဉာဏ်ဝင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးခံမည်

လာမယ့် ရွေးကောက်ပွဲမှာ ဇီးကုန်းမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံမယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းဟာ မူလက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရွေးခံဖို့ စီစဉ်ထားရာကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးခံဖို့ ပြောင်းလဲ စာရင်းတင်သွင်းလိုက်တယ်လို့ သိရပါတယ်။

2010.09.18
nyan_win_asean_09_305_z လုံခြုံရေး အစောင့်အကြပ်များ အလယ်တွင် မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်လာခြင်းကို ဇူလိုင် ၂၀ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

ဇီးကုန်းမြို့ခံတစ်ဦးက RFA ကို အခုလိုပြောပြပါတယ်၊

“ဦးဉာဏ်ဝင်းက ပထမ ပြည်သူ့လွှတ်တော်ကနေ ဝင်ရွေးဖို့၊ နောက် ၂၈ ရက်နေ့လည်း ရောက်ရော မဟုတ်တော့ဘူးတဲ့ တိုင်းဒေသကြီးကနေ ဝင်ရွေးမယ်ဆိုပြီး ပြန်ရောက်သွားပြီ။ ဇီးကုန်းမှာ နယ်မြေသစ်ကနေပြီး ဝင်ရွေးမယ်ပေါ့။ အဲဒီကနေ ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာကို သွားမှာလို့ သူတို့ ခန့်မှန်းထားတာပေါ့”

လာမယ့် ရွေးကောက်ပွဲအတွက် ဇီးကုန်းမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစည၊ ဒီမိုကရက်တစ် ပါတီ စတဲ့ ပါတီ သုံးခုသာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိရာမှာ ဦးဥဏ်ဝင်း အမည်စာရင်း တင်သွင်းထားတဲ့ တိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မှာ သူ့ကို မယှဉ်ရဲတဲ့အတွက် ပြိုင်ပြီး ဝင်အရွေးခံမယ့် ကျန်ပါတီ ကိုယ်စားလှယ်လောင်းတွေ မရှိဘူးလို့ သိရပါတယ်။

နအဖ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေ အရ မဲဆန္ဒနယ် တနယ်မှာ ကိုယ်စားလှယ်လောင်း တဦးတည်းသာရှိရင် ရွေးကောက်ပွဲ မကျင်းပတော့ဘဲ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက အဆိုပါ ပုဂ္ဂိုလ်ကို လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း ကြေညာရမယ်လို့ ဆိုထားတဲ့အတွက် ဦးဥဏ်ဝင်းဟာ အခု အတိုင်းသာဆိုရင် ရွေးကောက်ပွဲမှာ မပြိုင်ရဘဲ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမှာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ဇီးကုန်းမြို့နယ်မှာ ပြိုင်ဘက် ပါတီတွေထက် ငွေအား၊ လူအား အဆမတန် လွန်လွန်ကဲကဲ သုံးစွဲနိုင်တဲ့အပြင် အာဏာပိုင်တွေရဲ့ ပံ့ပိုးကူညီမှု ရရှိတာကြောင့် ပြိုင်ဘက်ပါတီတွေဟာ ရှုံးနိမ့်မှာ စိုးရိမ်ပြီး ဦးဥဏ်ဝင်း အရွေးခံတဲ့ ဝင်မပြိုင်ကြတော့တာလို့သိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။