မြန်မာပြည်ရွေးကောက်ပွဲကို ကမ္ဘာက စောင့်ကြည့်နေကြောင်း အီးယူ ပြောဆို
2010.08.15

အီးယူအဖွဲ့ဝင် နိုင်ငံများကိုယ်စား ရန်ကုန်မြို့ ဗြိတိသျှသံရုံးကတဆင့် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ - မြန်မာ ပြည်သူတွေနဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ အမြင်မှာ တရားဝင်ရွေးကောက်ပွဲ ဖြစ်စေချင်တယ်ဆိုရင် စစ်အစိုးရအနေနဲ့ ပါတီအားလုံးကို လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့် ပေးရမယ့်အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေဟာလည်း လွတ်လပ်မျှတမှု ရှိရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း အလားတူ ပြောဆိုလိုက်ပြီး၊ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့ကလည်း စစ်အစိုးရ ရွေးကောက်ပွဲဟာ ယုံကြည်လက်ခံနိုင်စရာ မရှိကြောင်း ပြောဆို ဝေဖန်ခဲ့ကြပါတယ်။
နိုင်ငံရေးပါတီ အများကလည်း အရွေးခံ ကိုယ်စားလှယ် စုဆောင်းချိန်၊ မဲဆွယ်စည်းရုံးချိန် အလုံအလောက် ပေးမထားကြောင်း ပြောဆိုကြပါတယ်။ ကိုယ်စားလှယ်စာရင်းကို သြဂုတ်လကုန်မှာ အပြီး တင်သွင်းရမှာဖြစ်ပြီး၊ မဲဆွယ်ကာလကိုလည်း စစ်အစိုးရက ကြေညာတဲ့အချိန်ကျမှ စတင်ကြရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အာရှပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့ဒ်ကင်းဘဲလ်က - မြန်မာစစ်အစိုးရရဲ့ ညှိနှိုင်းလိုစိတ် ကင်းမဲ့တာ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ပြုပြင်ပြောင်းလဲလိုစိတ် မရှိတာတွေကြောင့် လာမယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာ တရားဝင်မှု မရှိတဲ့ ရွေးကောက်ပွဲပဲ ဖြစ်လိမ့်မယ်လို့ အမေရိကန်အစိုးရက ယုံကြည်လိုက်ပါတယ်လို့ အဲဒီကတည်းက ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။