မန္တလေးပဋိပက္ခ အဖမ်းခံရသူ အချို့ရှေ့နေများ ကူညီမည်
2014.07.30

မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ ဆက်စပ်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေက ဖမ်းဆီးထားတဲ့ သူတွေထဲက ကြာနီကန်သချုႋင်းကို ဖျက်တယ်ဆိုပြီး ဖမ်းခံထားရသူတွေနဲ့ ဂျွန်းဗလီဖျက်ဆီးခံရမှုနဲ့ ဖမ်းခံထားရသူတွေအတွက် ‘မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ’ အဖွဲ့ဝင်ရှေ့နေတွေက ဥပဒေကြောင်းအရ ကူညီပေးမယ်လို့ ပြောပါတယ်။
မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ ဥပဒေရေးရာအဖွဲ့က တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြောပါတယ်။
"ဒီလူတွေအကုန်လုံးက တရားခံအစစ်မဟုတ်ဘူးဗျ၊ မန္တလေးပဋိပက္ခနဲ့ ပေါ်ပေါက်တဲ့အမှုအကုန်လုံး မျက်ခြေမပြတ်စောင့်ကြည့်သွားမှာပါ၊ ကျနော်တို့ရုံးချိန်းကို အတိအကျမရသေးဘူး၊ သိတဲ့အချိန်မှာ ဝင်လိုက်ပါမယ်၊ ကာယကံရှင်တွေက သဘောတူတယ်ဆိုရင် လိုက်ပေးဖို့ပဲ၊ ကော်မတီကိုလာပြီး ဆက်သွယ်ထားတာကတော့ ဗလီအပေါက်ဝမှာဖမ်းတဲ့ လူငယ်လေးတွေပေါ့နော်၊ သချုႋင်းမှာ သူတို့ဘာဖျက်တယ်ဆိုပြီးတော့ အဖမ်းခံရတဲ့လူတွေအတွက်လည်း ကျနော်တို့လိုက်ပါမယ်"
လက်ရှိမှာ ဖမ်းဆီးခံထားရသူအရေအတွက်ကို ဥပဒေရေးရာအဖွဲ့က စိစစ်ပြုစုနေပြီး ရုံးထုတ်စစ်ဆေးမယ့်အချိန်ကို မသိသေးကြောင်းလည်း ဦးသိန်းသန်းဦးက ပြောပါတယ်။
မန္တလေးမြို့ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတွေကို မန္တလေးတိုင်းဒေသကြီး သက်ဆိုင်ရာရဲစခန်းတွေက လူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ လက်နက်ပုဒ်မ ၁၉ (က)၊ ရဲ အက်ပုဒ်မ ၃၅(ဃ) စတဲ့ပြစ်မှုတွေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ နိုင်ငံပိုင်သတင်းစာထဲမှာ ကြေညာခဲ့ပါတယ်။
မန္တလေးမြို့ပဋိပက္ခမှာ ပါဝင်သူလို့ ယူဆသူ ၄၉ ဦးကို ဖမ်းဆီးထားပြီး ၈ ဦးက ထွက်ပြေးတိမ်းရှောင်နေတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။