ရှစ်လေးလုံး အရေးတော်ပုံ အရပ်ရပ်မှာ သတိရအောက်မေ့


2014.08.08
8888-305 ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၆ နှစ်ပြည့်မှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ သြဂုတ်လ ဂ ရက်နေ့ က အောက်မေ့ခြင်းအထိမ်းအမှတ်ပွဲ ပြုလုပ်ကြစဉ်
Photo: Nay Myo Htun / RFA

ဒီနေ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၆ နှစ်ပြည့် မှာ ရန်ကုန်မြို့အခြေစိုက် တက်ကြွလှုပ်ရှားသူတွေက တာမွေမြို့နယ်ကနေ ဆူးလေဘုရားထိ ချီတက် လမ်းလျှောက်ခဲ့ကြပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံးသွား တဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ရော၊ အရေးတော်ပုံရဲ့ရည်မှန်းချက်တွေ ပြီးမြောက်အောင်ဆောင်ရွက်ဖို့အတွက်ပါ ရည်ရွယ် ပြီး တောင်းဆိုချက် ၃ ချက်နဲ့ချီတက်နေကြတာဖြစ် တယ်လို့ ငြိမ်းချမ်းရေးနဲ့လူမှုတရားမျှတ မှုဖေါ်ဆောင်ရေးအဖွဲ့က နော်အုန်းလှက RFA ကိုပြောပါတယ်။

"ရှစ်လေးလုံးနှစ်ပတ်လည်ကို ကျမတို့က တာမွေ ကနေပြီးတော့ ဆူးလေအထိပါရှင့်၊ လာတာအဖွဲ့လိုက် သူ့အဖွဲ့အစည်းနဲ့သူ ကိုယ့်အဖွဲ့အစည်နဲ့ကိုယ်ပါရှင့် ဗ.က.သ လည်းလာတယ်၊ ကျမတို့ မျိုးစည်းကွန်ရက်လည်းလာတယ်၊ NLD ရော၊ နောက်ပြီးတော့ ဒီမို ကရေစီအင်အားစုတွေလည်း တော်တော်များလာကြပါတယ်၊ အခုက ကျမတို့ ၂၆ နှစ်ပြည့် ရှစ်လေး လုံးတော့ပါတယ်၊ ဆက်စပ်ရင် ပြည်သူ့အရေးတော်ပုံ နှစ်ပတ်လည်ပေါ့နော်"

ချီတက်သူတွေကို ခွင့်ပြုချက်မရှိဘဲ စီတန်းလမ်းလျှောက်လို့ဆိုပြီး တာမွေမြို့နယ်ရဲစခန်းနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်ရဲစခန်းတို့က တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တရားမျှတမှုမရှိတဲ့ ဒီဥပဒေတွေကို တိုက်ဖျက်ဖို့ဆောင်ရွက်နေ တာကြောင့် ခွင့်ပြုချက်မတင်ဘဲ ချီတက်တာလို့ နော်အုန်းလှက ပြောပါတယ်။

၈ လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၆ နှစ်ပြည့် ဂုဏ်ပြုပွဲနဲ့အောက်မေ့ဖွယ် အခမ်းအနားတွေကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကလည်း ရန်ကုန်၊ ပေါင်းတည်၊ ပြည်၊ မုံရွာ၊ မန္တလေး၊ မြစ်ကြီးနားစတဲ့ မြို့တွေမှာဖြန့်ကျက်ပြီးကျင်းပခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဗကသ များအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ အကုန်လုံးပဲ လူခွဲဆင်းသွားတယ်၊ မုံရွာခရိုင်မှာ ကိုကျော်ကိုကို သွားတယ်၊ မြစ်ကြီး နားကျောင်းသားသမဂ္ဂက ပညာရေးဆွေးနွေးပွဲနဲ့ ဒီ ၈၈၈၈ နှစ်ပတ်လည်နေ့လုပ်တယ်၊ အဲ့ဒါကိုတော့ ဖြိုးဖြိုးအောင် သွားတယ်၊ ရန်ကုန်မှာကတော့ ဟန်နီဦးနဲ့ သီဟဝင်းတင် ပြီးတော့ ဂျိမ်း ကျန်ခဲ့တယ် ပြီးတော့သူတို့က ကိုမင်းကိုနိုင်တို့ လုပ်တဲ့ပွဲမှာပူပေါင်းပါဝင်ပေးတဲ့ ကိုနန္ဒာဟစ်အောင်တို့ပေါ့ ၊ ပေါင်းတည်က ကျောင်းသားသမဂ္ဂတွေနဲ့ လူ့ဘောင်သစ်ပေါင်းပြီးတော့ ၈၈  ပွဲလုပ်တယ်လေ အဲ့ဒါ ကိုဟိန်းရာဇာထွန်းရယ် ကျနော်ရယ်နှစ်ယောက် နောက်ပြီးတော့ ရ.က.သ တို့ဘာတို့က ခရိုင် ကကျောင်းသားတွေလည်း လာကြတယ်၊ နောက်ပြီးတော့ ဒေးဒရဲမြို့နယ် ကျောင်းသားသမဂ္ဂကတော့ ၈၈ ပွင်းလင်းအဖွဲ့တွေနဲ့လည်း နောက်ပြီးတော့ မြို့နယ်က တခြားဒီမိုကရက်တစ်အင်အားစုတွေ သူတို့ပေါင်းပြီးတော့ ရှစ်လေးလုံးပွဲကို ဒီနေ့မနက်လုပ်ခဲ့တယ်ပေါ့၊  တခြားခရိုင်တော်တော်များများ လည်း လုပ်ကြပါတယ်၊ ဒီမှာတော့ ကျနော်တို့ ဗ.က.သ မအူပင်ခရိုင်က ကိုမင်းဇော် သွားတယ်ပေါ့ ၊ ပြည်မှာ ပြည်တက္ကသိုလ်ရှေ့မှာလည်း ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ပါဖောမန့် ပေါ့လေ ဒီမိုကရေစီဆိုတဲ့ ဟာကို ဒီအလုပ်သမားတွေ၊ လယ်သမားတွေက ဝိုင်းလုပြီးတော့ မြေအိုးကွဲသွားတဲ့နေရာမှာ PR ဆိုတာ ကြီးပေါ်လာတယ်ခင်ဗျ၊ အဲ့လိုမျိုး ပါဖောမန့်လုပ်ပြီးတော့ အလေးပြုပွဲလုပ်တယ်"

အလားတူ တောင်ကြီးမြို့မှာလည်း ၈၈ မျိုးဆက် ရှမ်းပြည်တောင်ပိုင်းကဦးဆောင်ပြီး အခမ်းအနား ကျင်းပခဲ့တယ် လို့ အဖွဲ့ရဲ့တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုနေမျိုးက RFA ကိုပြောပါတယ်။

"ကျနော်တို့ ၈၈နဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ရှမ်းပြည်နယ် တောင်ကြီးကနေ ဦးတည်ပြီးတော့ပဲလုပ်လိုက် တယ်၊ လောကမာရ်အောင် ဘုန်းကြီးကျောင်းမှာ လုပ်တယ်ဗျ၊ အဲ့ဆရာတော်ကလည်း ရှစ်လေးလုံး တုန်းက ကျနော်တို့ရဲ့ သပိတ်ကော်မတီ ဥက္ကဌ ဆရာတော်ပဲ၊ ဝမ်းသာစရာကောင်းတာက ဒီနေ့ လူငယ်တွေအများစုပါလာတာ တော်တော်ကို ဝမ်းသာစရာကောင်းပါတယ်၊ ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနား လုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကိုက ကျနော်တို့က သမိုင်းမှာဖြစ်ခဲ့တဲ့ ကောင်းကျိုး ဆိုးမွေတွေကို နောင်လာနောက်သားတွေကို ကျနော်တို့က ကောင်းမွေတွေပြန်ပေးဖို့၊ ပခုံးပြောင်း တာဝန်တွေပေးဖို့ ဒီလိုအခမ်းအနား ကျင်းပရတာပါ"

ဒါ့အပြင် တနင်္သာရီတိုင်း မြိတ်မြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ မကွေးတိုင်း ပခုက္ကူမြို့တို့မှာလည်း အလားတူ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၆ နှစ်ပြည့်အခမ်းအနားတွေကို  ကျင်းပခဲ့ကြတယ် လို့ သတင်းရရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။