၈ လေးလုံးနေ့ ညီလာခံ ရန်ကုန်မှာ ကျင်းပမည်


2013.06.15
8888-annivesary-n-oakkala-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က မြောက်ဥက္ကလာပမြို့နယ်၌ ရှစ်လေးလုံး အရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနား ကျင်းပနေစဉ်။
RFA

၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု ငွေရတု အထိမ်းအမှတ် အခမ်းအနားကို ညီလာခံတစ်ရပ်အနေနဲ့ မြန်မာနိုင်ငံထဲမှာ ပထမဆုံးကျင်းပမယ်လို့ သိရပါတယ်။

ဒီအခမ်းအနား ကျင်းပဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးချုပ်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး တိုက်ရိုက်ပါဝင်ကြတဲ့သူတွေနဲ့  ညီလာခံအသွင်ဆောင်တဲ့ပွဲမျိုး ကျင်းပသွားမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်က RFA ကို ပြောပါတယ်။

"၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု ငွေရတုအခမ်းအနားကျင်းပဖို့ကို ၈၈မျိုးဆက်ရယ်၊ ABSDFရယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရယ် ကျနော်တို့ပထမဦးဆုံး ဆုံပြီးခင်ကတည်းက ညီလာခံအသွင်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုကြီးကို ကျနော်တို့ပြည်တွင်းပြည်ပ ၈ လေးလုံးမျိုးဆက်အားလုံးစုစည်းနိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ကျနော်တို့မြန်မာပြည်တွင်းမှာရှိတဲ့ အမျိုးသားအင်အားစုအားလုံးကို ဖိတ်ကြားသွားမှာပါ၊ အစိုးရကိုလည်း ဖိတ်ကြားမှာဖြစ်သလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေစသဖြင့် ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့်ကို ဖိတ်ကြားသွားမှာဖြစ်ပါတယ်"

အဲဒီ ၈ လေးလုံး ငွေရတုအထိမ်းအမှတ်ပွဲမှာ ဒီမိုကရေစီနိုင်ငံတော်ကို ရှေ့ဆက်ဖန်တီးနိုင်မယ့် အကြောင်းအရာတွေကို ခေါင်းစဉ်ခြောက်ခုနဲ့ ပညာရှင်တွေက စာတမ်းဖတ်ကြားမှာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို အစိုးရအဖွဲ့နဲ့ ပြည်ပရောက် ၈ လေးလုံးမျိုးဆက်တွေအပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေကိုပါ ဖိတ်ကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၈ လေးလုံးအခမ်းအနားကို ရန်ကုန်တက္ကသိုလ်ထဲမှာ ကျင်းပဖို့ ခွင့်ပြုချက်တောင်းခံထားပေမယ့် လောလောဆယ်အထိတော့ ကျင်းပခွင့်ရ၊ မရ အာဏာပိုင်တွေဘက်က အကြောင်းမပြန်သေးဘူးလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။