ရန်ကုန်မြို့က ရှစ်လေးလုံး လူတစ်ထောင်ကျော် တက်ရောက်
2012.08.08

ဒီနေ့အခမ်းအနားကို တက်ရောက်သူ ဒီလောက် များပြားတဲ့အချက်က ရှစ်လေးလုံး လှုပ်ရှားမှုအပေါ် ပြည်သူတွေရဲ့ အလေးအနက် ထားမှုကို ဖော်ပြတာပဲလို့ NLD ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။
"လူတွေ ဒီလောက်များများ လာတယ်ဆိုတာ ဘာပဲပြောပြော လူတွေဟာ ရှစ်လေးလုံးအပေါ် ယုံကြည်မှုရှိတုန်း၊ ရှစ်လေးလုံးးရဲ့ စွမ်းအားတွေ ယုံကြည်တုန်း၊ နောက်ပြီးတော့ ရှစ်လေးလုံးကနေပြီးတော့ လမ်းညွန်လိုက်တဲ့ နိုင်ငံရေး တောင်းဆိုချက်တွေ၊ တာဝန်တွေ၊ ဝတ္တရားတွေကိုလည်း ပြည်သူလူထုက ဒီနေ့အထိ လက်ခံတုန်း ဆိုတာကို ပြတာပဲ"
အဲဒီ အခမ်းအနားမှာ ရှစ်လေးလုံး ၂၄ နှစ်မြောက် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့၊ ရှစ်လေးလုံးနေ့ကို သမိုင်းဝင် အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အခမ်းအနား ဖြစ်မြောက်ရေး လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ၈၈ ကျောင်းသား ကိုတိုးကျော်လှိုင်က-
"၈ ရက် ၈ လ ၈၈ ကို မြန်မာနိုင်ငံရဲ့ သမိုင်းဝင်နေ့ တစ်နေ့အဖြစ် သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အခု နိုင်ငံတော်က ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ နိုင်ငံတော်သစ်ကို သွားနေတယ်ဆိုရင် ဒီနိုင်ငံတော်သစ်မှာ ကျွန်တော်တို့ နှစ်ဖက်မှာ ဝိဝါဒကွဲခဲ့တဲ့ စကားရပ် အမြဲရှိခဲ့တယ်။ ကျွန်တော်တို့က အရေးတော်ပုံလို့ သုံးနှုန်းတယ်။ သူတို့က အရေးအခင်းလို့ သုံးနှုန်းတယ်။ ၈ ရက် ၈ လ ၈၈ က အရေးတော်ပုံလား အရေးအခင်းလား"
လို့ပြောကြားရာ တက်ရောက်လာသူ များက "အရေးတော်ပုံ" လို့ သံပြိုင် ဟစ်ကြွေးကြပါတယ်။
အဲဒီအခမ်းအနားမှာ သံဃာတော် (၄၄) ပါးကို ဆွမ်းနဲ့ ဝါဆိုသင်္ဃန်း ကပ်လှူခဲ့ပြီး ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးအခင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်းရှင်လူ ပြည်သူတွေအတွက် တစ်မိနစ်ခန့် ငြိမ်သက် အလေးပြုခဲ့ကြ ပါတယ်။ အဲဒီနောက် နိုင်ငံရေး အင်အားစုတွေရဲ့သဝဏ်လွှာတွေ ဖတ်ကြားခဲ့ကြပါတယ်။
ဒီအခမ်းအနားကို မနက် (၉) နာရီကနေ နေလည် (၁၂) နာရီအထိ ကျင်းပခဲ့တာ ဖြစ်ပြီး အာဏာပိုင်တွေဘက်က အနီးကပ်စောင့်ကြည့် ဓာတ်ပုံရိုက်တာတွေ ရှိခဲ့ပေမယ့် တစုံတရာ တားဆီးနှောင့်ယှက်တာ မရှိခဲ့ပါဘူး။