ကနေဒါနိုင်ငံမှာ ၈ လေးလုံးညီလာခံ ဆက်လက်ကျင်းပ
2013.06.29
ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ဆက်လက်ကျင်းပနေတဲ့ ၈ လေးလုံး ၂၅ နှစ်ပြည့်ညီလာခံမှာ ဇွန်လ ၂၉ ရက်နေ့မနက်မှာတော့ မြို့တော်ခန်းမမှာ စတင်ပြုလုပ်နေပြီး မနက်ပိုင်းအစီအစဉ်မှာ ကနေဒါနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌါနရဲ့ ပါလီမန်ဆိုင်ရာ အတွင်းရေးမှူး Lois Brown တက်ရောက်ခဲ့ပြီး ကနေဒါဝန်ကြီးချုပ် Steven Harper ရဲ့ သဝဏ်လွှာ၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Jason Kenning ရဲ့ သဝဏ်လွှာတွေ ဖတ်ကြားသွားပါတယ်။
ဒီကနေ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖွံ့ဖြိုးရေးနဲ့ အပြောင်းအလဲတွေအတွက်ကို အရေးကြီးတဲ့အဆင့်တွေ ဆောင်ရွက်နေတာတွေ ရပါတယ်။ ဒါပေမယ့် ဒီအပြောင်းလဲတွေ ဆက်ပြီးတိုးတက်လာဖို့အတွက် ဆောင်ရွက်စရာတွေ အမြောက်အများ ကျန်နေပါသေးတယ်။ ဒီညီလာခံတက်လာသူ အားလုံးကလည်း မြန်မာပြည်သူတွေ လွတ်လပ်ရေးနဲ့ဒီမိုကရေစီရေးတွေအတွက် ကိုယ်စားပြုဆောင်ရွက်နေကြတယ်လို့လဲ နားလည်သဘောပေါက်ပါတယ်လို့ ဝန်ကြီးချုပ်ရဲ့သဝဏ်လွှာကို ဖတ်ပြသွားတာပါ။
ကနေဒါနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးရဲ့ သဝဏ်လွှာမှာလဲ ဒီညီလာခံကျင်းပတာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုရေစီရေးတိုက်ပွဲအတွက် စွန့်လွှတ်အနစ်နာခံမှုတွေကို အမှတ်တရဖြစ်စေတယ်လို့ပြောဆိုသလို၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကို ထောက်ပံ့နေတာဖြစ်တဲ့အကြောင်း၊ ကနေဒါနဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်နေတာလို့မျှော်လင့်တဲ့အကြောင်း၊ ဒီကြိုးစားမှုတွေကြောင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရလာမယ်လို့မျှော်လင့်တဲ့အကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ညီလာခံကို ကနေဒါနိုင်ငံရဲ့ လေဘာပါတီခေါင်းဆောင် Justin Trudeau ကလဲ သဝဏ်လွှာပေးပို့လိုက်သလို၊ ABSDF ကျောင်းသားတပ်မတော်ကလည်း သဝဏ်လွှာ ပို့လိုက်ပါတယ်။
ညီလာခံနေ့လည်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ကိုရောက်နေတဲ့ မြန်မာနိုင်ငံက ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းဇေယျာ၊ ကိုအံ့ဘွယ်ကျော်နဲ့ကိုပြုံးချို၊ ဘန်ကောက်မြို့ကိုရောက်နေတဲ့ ကိုနေမျိုးဇင်တို့ကလဲ အင်တာနက်ကနေတဆင့် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။