၈၈ ကျောင်းသားတွေရဲ့သတင်းစာရှင်းပွဲ စာအုပ်ထုတ်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဇန်နဝါရီ ၂၁ ရက်က ရန်ကုန် တော်ဝင်စင်တာမှာ ပထမဦးဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက အချက်အလက်တွေပါဝင်တဲ့ “၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ” စာအုပ် ရောင်းချတဲ့ အခမ်းအနားကို ရန်ကုန် ရန်ကင်းစင်တာမှာ ဒီကနေ့ နေ့လယ်က ကျင်းပပါတယ်။

2012.02.21
88-press-b305 ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က ရန်ကုန် တော်ဝင်စင်တာတွင် "၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ"၌ ကိုမင်းကိုနိုင် ဟောပြောနေစဉ်။
RFA

၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ အတွေးအမြင်တွေ၊ ခံယူချက်တွေကို ပြည်သူတွေကို သိစေချင်တဲ့အတွက် အခုလို စာအုပ်အဖြစ ်ထုတ်ေ၀ ဖြန့်ချိရတာလို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။

“နှစ်ဆယ့်သုံးနှစ်လောက် ကျွန်တော်တို့ ရင်းနှီးလိုက်ရတဲ့နောက်မှာ ကျွန်တော်တို့ စိုက်ခဲ့တဲ့အပင်လေးက ဖူးလာ ပွင့်လာတဲ့အပွင့်ကို ကျွန်တော်တို့ရဲ့မိဘပြည်သူများထံကို ဆက်သခြင်းပါပဲ။ နှစ်ဆယ့်သုံးနှစ်ဆိုတဲ့ ကာလလောက် ပေးပြီးတော့မှ ဒီလူတွေအားလုံး ပြန်ဆုံပြီး ပြန်တွေ့ရတယ်ဆိုတာ အခွင့်အရေးတစ်ရပ်နဲ့လည်း တူပါတယ်။ အဲဒီအခွင့်အရေးပေါ်မှာ ကျွန်တော်တို့ ပြောချင်တာတွေ၊ ကျွန်တော်တို့ တွေးမိတာတွေ၊ ကျွန်တော်တို့ မြင်တာတွေ၊ ပြီးတော့ ကျွန်တော်တို့အပေါ်မှာ ရောက်လာတဲ့ မေးခွန်းတွေကို ပြန်ဖြေပေးလိုက်တာကို ကျွန်တော်တို့ရဲ့ ပြည်သူတွေကို သိစေချင်တဲ့ ရည်ရွယ်ချက်ပါပဲ”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဒီအခမ်းအနားမှာ အမှတ်တရ လက်မှတ် ရေးထိုးပေးပါတယ်။ ဒီစာအုပ်မှာ စာပေစိစစ်ရေး ရှိသင့် မရှိသင့်ဆိုတဲ့ မေးခွန်းကို ကိုမင်းကိုနိုင် ပြန်လည် ဖြေကြားချက်မှအပ တော်ဝင်စင်တာ သတင်းစာရှင်းလင်းပွဲ အပြည့်အစုံကို ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။ စာအုပ်ရောင်းချရာက ရရှိငွေတွေကို ရန်ပုံငွေအဖြစ်ထားရှိပြီး လူမှုအကျိုးပြု လုပ်ငန်းတွေမှာ သုံးစွဲသွားမယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများရဲ့ သတင်းစာ ရှင်းလင်းပွဲစာအုပ် ထုတ်ဝေဖြန့်ချိဖို့အတွက် ပုဂံစာအုပ်တိုက်က တာဝန်ယူ ဆောင်ရွက်တာဖြစ်ကြောင်း သိရပါတယ်။ စာအုပ်တစ်အုပ်ကို ကျပ် တစ်ထောင်နဲ့ ရောင်းချနေပြီး အခုအချိန်အထိ အုပ်ရေ ရှစ်ရာကျော် ရောင်းချရပြီးဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။