၈၈ မျိုးဆက်တွေပါတဲ့ ပါတီတည်ထောင်ရေးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်း
2017.03.31

၈၈ မျိုးဆက် ကျောင်းသားတွေ ပါဝင်မယ့် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပေါ်လာဖို့အတွက် တွေ့ဆုံနွေးပွဲနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းက ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် UMFCCI မှာပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲကနေရရှိလာတဲ့ ဆွေးနွေးချက်မူဝါဒတွေကို စုပေါင်းပြီး ခိုင်မာတဲ့မူဝါဒတွေ ရေးဆွဲတဲ့အခါ ထည့်သွင်းဆွေးနွေးမှာဖြစ်ကြောင်းနဲ့ မကြာခင်ပါတီဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းသွားမှာဖြစ်ပြီး အဲဒီကော် မတီမှာ နယ်ပယ်အသီးသီး၊ လူမျိုးအသီးသီးကလူတွေပါအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျက ပြောပါတယ်။
"နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီကို ကျနော်တို့ ဖွဲ့စည်းပါ့မယ်၊ ဒီကော်မတီကိုလည်း ကျယ်ကျယ်ပြန့်ပြန့် နယ်ပယ်အသီးသီး လူမျိုးအသီးသီးက ကိုယ်စားပြုတဲ့သူလည်းတွေပါ လာအောင် နောက်ပြီးတော့ ကိုယ်ပိုင်ပိုင်းဖြတ်မှုခိုင်မာတဲ့လူတွေနဲ့ စုစည်းနိုင်အောင် ကျနော်တို့ ကြိုးစားပြီးဆောင်ရွက်သွားပါ့မယ်"
ဆွေးနွေးပွဲကို မနေ့ကနဲ့ ဒီနေ့ ၂ ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆွေးနွေးခဲ့တဲ့မူဝါဒတွေထဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စီးပွားရေးအပြင် တိုင်းရင်းသားလက်နက်ကိုင်အရေးနဲ့ ပါတီမိတ်ဖက် ဆက်ဆံရေးတွေပါဝင်ပြီး အဲဒီဆွေးနွေးမှုတွေကို စုပေါင်းကာ ပါတီအသစ်တစ်ခုအတွက် ခိုင်မာတဲ့မူဝါဒရေးဆွဲတဲ့အခါ ထည့်သွင်းဆွေးနွေး မှဖြစ်တယ်လို့ သိရပါတယ်။
အခု တည်ထောင်မယ့်ပါတီကို လာမယ့် ၂၀၁၇ နှစ်အကုန်မှာ အပြီးမှတ်ပုံတင်သွားမှာဖြစ်ပြီး ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲကသိရပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲးကို ၈၈ မျိုးဆက်ကျောင်းသားတွေ ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအဖွဲ့စည်းတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပါဝင်ဆွေးနွေးကြတာဖြစ်ပါတယ်။