မိုးထိမိုးမိ ရွှေတူးဖော်ရေး အလုပ်သမား ခေါင်းဆောင်တွေ ၈၈ မျိုးဆက်ထံ အကူအညီတောင်းခံ

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိ မိုးမိဒေသ ရွှေတူးဖော်ရေး လုပ်ငန်းခွင်က အလုပ်သမား ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရုံးခန်းကို ဒီကနေ့ ပထမဆုံးအကြိမ် လာရောက် အကူအညီ တောင်းခံခဲ့ပါတယ်။

2012.08.25
gold-mine-strike-b305 ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ တူးကုန်းကျေးရွာ အုပ်စုရှိ မိုးထိ မိုးမိတောင် ရွှေတူးလုပ်သားများ တောင်းဆိုဆန္ဒပြ မှု ပြုလုပ်နေကြစဉ်
Photo: RFA

မိုးထိ မိုးမိဒေသက ရွှေတူးဖော်ရေး လုပ်ငန်းခွင်မှာ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေနဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့အကြား ပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ဒေသကြီးအစိုးရ သတ္တုတွင်း ဝန်ကြီးရဲ့ ဖြေရှင်းပုံ အပေါ် မကျေနပ်တဲ့အတွက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို အခုလို အကူအညီ တောင်းခံရတာ ဖြစ်တယ်လို့ အလုပ်သမား ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

"၈၈ ကို ဒီလိုမျိုး လာရောက် အကူအညီတောင်းရခြင်းက သတ္တုတွင်း ဝန်ကြီး ဦးသန်းစိုးမြင့် ကိုယ်တိုင် ချုပ်ဆိုထားတဲ့ စာချုပ်လည်း ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ပြေလည်အောင် မဖြေရှင်းပေးတဲ့အတွက် ကျွန်မတို့ဒီ ၈၈ ကို အားကိုးအားထားနဲ့ လာပြီး အကူအညီတောင်းရခြင်း ဖြစ်ပါတယ်"

မိုးထိ မိုးမိတောင် ရွှေတူးဖော်ရေး လုပ်သားတွေရဲ့ တောင်းဆိုချက်တွေကို မန္တလေးတိုင်း အစိုးရအဖွဲ့က တာဝန်ယူ ဖြေရှင်းမပေးဘဲ တရားစွဲဖို့သာ အကြံပြုခဲ့တဲ့အတွက် အလုပ်သမားတွေ အနေနဲ့ ဥပဒေ ဗဟုသုတ၊ အမှုကုန်ကျ စရိတ်စတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ အဲဒီ အခက်အခဲတွေကို အတတ်နိုင်ဆုံး ကူညီ ဖြေရှင်းပေးသွားမယ်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

"သာမန်ပြည်သူတွေက ဥပဒေ အကြောင်းလည်း နားမလည်ကြဘူး။ တရားစရိတ်ဆိုလည်း မတတ်နိုင်ဘူးဗျ။ အဲဒီတော့ ကျွန်တော်တို့က ပြည်သူတွေ၊ သာမန် အလုပ်သမားတွေ ဥပဒေ အကြောင်းအရာတွေကို သိရှိဖို့ရယ်၊ နောက်ပြီးတော့ တရားစရိတ် တတ်နိုင်ဖို့ရယ်ကို ဝိုင်းပြီးတော့ စဉ်းစားပေးဖို့ပါပဲ။ မဟုတ်လို့ရှိရင် ဒီဖြစ်ရပ်မျိုးဟာ တစ်ပြည်လုံး အတိုင်းအတာမျိုးနဲ့ဆင့်ကဲ ဆင့်ကဲ ဖြစ်လာမယ်ဆိုရင် အင်မတန်လည်း နစ်နာတယ်။ ဒါကြောင့်မို့လို့ အရင်ဆုံးပေါ်လာတဲ့ အကြောင်းကိစ္စတွေမှာ ကျွန်တော်တို့က အခြေခံကျတဲ့ ဒီ ပြည်သူတွေ ဘက်ကနေပြီးတော့ ကျွန်တော်တို့ဝိုင်းကြည့်ပေးရပါလိမ့်မယ်"

မိုးထိ မိုးမိ ရွှေလုပ်သားတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ များမကြာခင်က ရန်ကုန်မြို့ အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ရုံးကို တင်ပြထားတယ်လို့လည်း သိရပါတယ်။

မိုးထိ မိုးမိ အလုပ်သမားတွေဟာ အမျိုးသား ကြီးပွား တိုးတက်ရေးကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ပါ အချက် (၆)ချက်ကို ကုမ္ပဏီဘက်က ဖောက်ဖျက်တဲ့အတွက် အခုလို တောင်းဆို တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကတော့ ဘယ်လို ဖောက်ဖျက်မှုမျိုးမှ မရှိခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ် စနေ့နေ့က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။