စစ်ကောင်စီနဲ့စေ့စပ်ဆွေးနွေးရေး လက်တွေ့ မဖြစ်နိုင်သေးကြောင်း ဦးမင်းကိုနိုင်ပြော

2021.11.16
စစ်ကောင်စီနဲ့စေ့စပ်ဆွေးနွေးရေး လက်တွေ့ မဖြစ်နိုင်သေးကြောင်း ဦးမင်းကိုနိုင်ပြော ၂၀၂၁ နိုဝင်ဘာ ၁၆ ရက်နေ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်ကို တွေ့ရစဉ်
.

စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးရေးဟာ လက်တွေ့မှာ မဖြစ်နိုင်သေးဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) မှာ ပါဝင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် က ပြောကြားလိုက် ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အွန်လိုင်းကနေလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဦးမင်းကိုနိုင်က ပြောခဲ့တာပါ။

"ဘယ်သူတွေက စေ့စပ်ဆွေးနွေးရေးကို ဦးတည်နေလို့လဲ။ လက်တွေ့ဖြစ်နေတဲ့ အခင်းအကျင်းတွေ အပြုအမူတွေက‌ရော စေ့စပ်ဆွေးနွေးပွဲကို ဖြစ်နိုင်တဲ့ အခြေအနေမို့လို့လား ဒါကိုစဉ်းစားစေချင်ပါတယ်။ အဲဒီအတွက်က အခြေခံအချက်အလက်တွေ အများကြီးလိုပါတယ်"

အနာဂတ်မှာ လက်နက်ကိုင်စနစ် လွှမ်းမိုးတဲ့ပုံစံကို သွားမှာမဟုတ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်ကို ပြန်သွားမှာလည်း မဟုတ်ဘူးလို့ ဦးမင်းကိုနိုင်က ပြောပါတယ်။

လက်ရှိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ဟာ ပြည်နယ်အတိုင်ပင်ခံကောင်စီ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်နေတယ်လို့ NUCC သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

အဲဒီထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီတို့ရဲ့ နာမည်တွေကိုသာ လက်ရှိမှာထုတ်ပြောနိုင်ပြီး ကျန်ငါးဖွဲ့ရဲ့ နာမည်တွေကိုတော့ ထုတ်ဖော်ပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ်မပါဝင်လာသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း စည်းရုံးသွားဖို့ ရှိနေတယ်လို့ ဦးမင်းကိုနိုင်က ဆိုလိုက်ပါတယ်။

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ဒေါက်တာ လျန်မှုန်းဆာခေါင်းကတော့ လက်ရှိမှာ တွေ့ဆုံဆွေးနွေးရေးနဲ့ အဆုံးသတ်မလား၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ အဆုံးသတ်မလားဆိုတာက ဖြစ်လာမယ့်အခြေအနေကို ဘက်ပေါင်းစုံကနေ လုပ်ဆောင်တဲ့ပေါ် မူတည်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် NUCC က ရေးဆွဲပြီးဖြစ်တဲ့ ဖက်ဒရယ်ပဋိညာဉ် မူကြမ်းကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်နေပြီး အဲဒီအတွက် လာမယ့်ဒီဇင်ဘာလမှာ ပြုလုပ်သွားဖို့ရှိနေတဲ့ ပြည်သူ့ညီလာခံမှာ အတည်ပြုသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။