မိုးထိမိုးမိဒေသနယ်မြေခံ ကုမ္ပဏီတွေ ဆန္ဒထုတ်ဖော်


2018.06.26
moehtimoemi-protest-622.jpg မိုးထိမိုးမိ နယ်မြေခံလုပ်ငန်းရှင်တွေ ၂၀၁၈ ဇွန်လ ၂၆ ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒထုတ်ဖော်စဉ်
Photo: Khaymani Win/RFA

မိုးထိမိုးမိတောင်မှာ ရွှေတူးဖော်ခွင့် ပိတ်သိမ်းခံလိုက်ရတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ ရှယ်ယာအစုရှင် နယ်မြေခံကုမ္ပဏီတွေက နစ်နာမှုတွေရှိနေကြောင်း ဒီနေ့ မန္တလေးမြို့မှာ ကုမ္ပဏီပေါင်း ၂၂ ခု က ဆန္ဒထုတ်ဖော်ကြ ပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက နိုင်ငံတော်ကို ပေးသွင်းရမယ့် ရွှေကြွေးကျန်ပေမယ့် အစုရှယ်ယာရှင် ကုမ္ပဏီတွေကတော့ နိုင်ငံတော်ကိုပေးသွင်းရမယ့် ရွှေအလေးချိန်ကို ကုမ္ပဏီကို ပေးသွင်းထားပြီးဖြစ်တယ် လို့ ရေတော်သားကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးတင်ညွန့်ဦး က ပြောပါတယ်။

"၁၂ လပိုင်းကနေစပြီးတော့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ ၃ လတာ အကြိမ်ခွဲထားတဲ့အခါ ဘယ်ဌာနမှ ရွှေမသွင်းဘဲနဲ့ ၁၄၉ ပိဿာကို ထုတ်ယူခဲ့ပါတယ်၊ သူတို့က ထုတ်ယူထားတဲ့အတွက် ကျနော်တို့ အပိုင်းမှာကတော့ ကျနော်တို့က နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ အမိန့်ကိုပဲ နာခံပြီးနေခဲ့ကြပါတယ်၊ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီက နိုင်ငံတော်ကို ၃၃၈ ပိဿာသာ သွင်းခဲ့ပါတယ်၊ ဒါလေးကို နိုင်ငံတော် အစိုးရနဲ့ ပြည်သူများ သိရှိစေရန်အတွက် ကျနော်တို့ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်"

မိုးထိမိုးမိဒေသမှာ ရွေတူးဖော်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခံထားရတာ ၆ လခန့်ကြာမြင့်ပြီဖြစ်တာကြောင့် အလုပ်သမား နှစ်ထောင်ကျော် အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဆီဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က အစုရှယ်ယာ တစ်စုကို ကျပ်သိန်း တစ်ထောင်နဲ့ အစု ၃၅ စုကို ထုတ်ရောင်းခဲ့တာကြောင့် ရှယ်ယာရှင်တွေက ဝယ်ယူခဲ့ကြတာဖြစ်တယ်လို့ ဦးတင်ညွန့်ဦး က ပြောပါတယ်။

ရမည်းသင်းခရိုင်ထဲက မိုးထိမိုးမိဒေသမှာ အစိုးရနဲ့ ဦးစိုးထွန်းရှိန် ဦးဆောင်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့အကြား ရွှေတူးဖော်ခွင့် ချုပ်ဆိုထားတဲ့စာချုပ်ကို ရပ်ဆိုင်းလိုက်ပြီလို့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြီးခဲ့တဲ့ မေလ ၁၇ရက်နေ့က ပြောခဲ့ပါတယ်။

ကုမ္ပဏီဟာ အစိုးရထံ ရွှေပိဿ ၁၂၀၀ ပေးသွင်းဖို့ ကျန်ရှိနေပြီး နိုင်ငံတော်အစိုးရက လျော်ကြေးရလိုမှုနဲ့ တရားစွဲဆိုသွားမယ်လို့လည်း ဦးသံဒိုင်က ပြောထားပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ မိုးထိမိုးမိဒေသမှာ ၂၀၁၁ ခုနှစ်ကတည်းက ရွှေတူးဖော်ခွင့်ရရှိထား တာဖြစ်ပါတယ်။ အဲဒီအချိန်က အစိုးရနဲ့ ချုပ်ဆိုထားတဲ့စာချုပ်အရ ကုမ္ပဏီဟာ နိုင်ငံတော်ကို ပေးသွင်းရ မယ့် ရွှေတွေကို မပေးဘဲ တူးဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် အစိုးရက ဒီနှစ်ဆန်းပိုင်းမှာ ကုမ္ပဏီကို ရွှေတူးဖော်ခွင့် ပိတ်လိုက်ပေမယ့် ကုမ္ပဏီဘက်က မလိုက်နာဘဲ ရွှေဆက်တူးဖော်ခဲ့တာကြောင့် ရမည်းသင်းမြို့နယ်ရဲစခန်း သတ္တုတွင်းဥပဒေပုဒ်မ ၃၀ (က) နဲ့ တရားစွဲဆိုထားပါတယ်။

ဆန္ဒပြပွဲကို အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ ရှယ်ယာရှင် ကုမ္ပဏီ ၂၂ ခုလောက်က လူအင်အား ၃၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။