၈၈ မျိုးဆက် မြိုင်မြို့နယ်မှာ လူထုစည်းဝေးပွဲ ကျင်းပ
2012.08.12
"မနက်စောစောပိုင်းမှာ ကျွန်တော်တို့ ပခုက္ကူအလယ်တိုက် ခေါ်တာပေါ့နော်။ အဲဒီနေရာက ကျွန်တော်တို့ ရွှေဝါရောင် တော်လှန်ရေး အစမှာ အများကြီး အထောက်အကူ ပြုခဲ့တဲ့ ကျောင်းတိုက်တွေပေါ့ဗျာ။ အစည်းအဝးတွေ ဘာတွေလုပ်ခဲ့တဲ့ ကျောင်းတိုက်၊ အဲဒီက ဆရာတော်ကြီးဆီကို ကျွန်တော်တို့သွားပြီး သင်္ဃန်းသွားကပ်တယ်လေ။ အဲဒီကနေ ကျွန်တော်တို့ မြိုင်မြို့နယ်၊ ဆရာမြသန်းတင့်ရဲ့ မြို့ပေါ့ဗျာ။ မြိုင်မြို့နယ်မှာ ကျွန်တော်တို့ လူထု အစည်းအဝေးပွဲ လုပ်တယ်။ အဲဒီမှာ ကျွန်တော်နဲ့ ကိုမင်းကိုနိုင်က လမ်းကြောင်းနှစ်ကြောင်း ခွဲရတယ်။ မြိုင်ရဲ့တစ်ဖက်မှာက သရက်မ ဆိုတဲ့ရွာက၊ ရွာရှစ်ရွာလောက်ရောက်တော့ ကိုမင်းကိုနိုင်က အဲဒီကိုပြေးရတယ်။ ကျွန်တော်က ကံမကို ကျွန်တော်ကပြေးရတယ်။ ပြီးတော့ ကျွန်တော်တို့ ပခုက္ကူမှာ ပြန်ဆုံတယ်"
(၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ သွားရောက်ခဲ့တဲ့ ပခုက္ကူနဲ့ မြိုင်မြို့ခရီးစဉ်မှာ အာဏာပိုင်တွေဘက် တစုံတရာ အတားအဆီး အနှောင့်အယှက် မရှိဘူးလို့ သိရပါတယ်။
ဒီအတောအတွင်း ကိုမြအေး၊ ကိုဌေးကြွယ်တို့ ခေါင်းဆောင်တဲ့ အဖွဲ့ကတော့ ကော့ကရိတ်မြို့နယ် ကေအန်ယူ ထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့တဲ့ (၆၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။