၈၈ ခေါင်းဆောင်တွေ ဆန္ဒပြဖို့ သမ္မတနဲ့ လွှတ်တော်ကို စာပေးပို့


2013.12.24
section-18-88-305.jpg ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်
Photo: RFA

ပြည်သူအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ မကိုက်ညီတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၀ ကျော် စုပေါင်းပြီး ဆန္ဒပြဖို့ နိုင်ငံတော်သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌတွေထံ မနေ့က အကြောင်းကြားစာ ပေးပို့လိုက် တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသာ ေခေါင်းဆောင်တွေအနေနဲ့ ဆန္ဒပြပွဲမှာပါဝင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုပြုံးချိုက RFA ကို အခုလို ပြောပါတယ်။

“တိုင်းပြည်အပြောင်းအလဲမှာ သူတို့တွေကနေပြီးတော့ နိုင်ငံသားတွေ ပါဝင်ခွင့်တွေကို ဥပဒေက တဖက်ကပြဌာန်းပြီးတော့ ဒီဥပဒေအရ တဖက်ကနေ ချုပ်နှောင်ထားတာတွေ ပေါ်လာတဲ့ အတွက် ရေရှည်မှာ နိုင်ငံသားတွေ ပါဝင်တဲ့ကိစ္စတွေမှာ အငြင်းပွားမှုတွေ အများကြီးဖြစ်လာနိုင်သလို ဆန္ဒပြုမှု ကိုယ်စားပြုမှု စစ်စစ်မှန်မှန် မရလိုက်မှာကို ကျနော်တို့အများကြီး စိုးရိမ်ပါတယ်”

ဒီဆန္ဒပြပွဲအတွက် လာမယ့်သီတင်းပတ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခွင့်ရဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းမှာ ခွင့်ပြုချက်တောင်းခံထားတယ်လို့ သိရပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာပုဒ်မ ၁၈ ပြင်ဆင်ရေးအပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တရားစွဲဆိုထားဆဲအမှုတွေကို ဖျက်သိမ်းပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုကြမှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်နဲ့ ပုဒ်မ ၁၈ အပါအဝင် နိုင်ငံရေးအမှုနဲ့ တရားစွဲဆိုခံထားရသူ ၁၅၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၀ ကျော်စုပေါင်းပြီး ဆန္ဒပြမယ့်အစီအစဉ်နဲ့ပတ်သက်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။