စေတနာဝသန် ဂီတဖျော်ဖြေပွဲ စတင်ကျင်းပ
2012.09.01
ဒီပွဲကို သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံက အထင်ကရ တေးဂီတဝိုင်းတွေ တလှည့်ပြီးတလှည့် ဖျော်ဖြေနေတာ ဖြစ်သလို ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးသီချင်းနဲ့ ကဗျာဆရာတွေ ဝိုင်းရေးကြတဲ့ ကဗျာရှည်ကြီးတစ်ပုဒ်လည်း ရွတ်ဆိုကြမှာပါ။
အနုပညာသည်တွေဟာ ပြည်သူ့အကျိုး အတွက်ဆိုရင် အမြဲပါဝင် လိုတဲ့အတွက် ဒီပွဲမှာ အင်တိုက် အားတိုက် ကူညီကြတာ ဖြစ်တယ်လို့ အဆိုတော် ဂျေညီညီက RFA ကို ပြောပါတယ်။
"ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီဖို့အတွက် ဆိုလို့ရှိရင် ကျွန်တော်တို့အနုပညာသမားတွေ အကုန်လုံးက လက်မနှေးကြပါဘူး။ နောက်ပြီးတော့ ကျွန်တော်တို့အနုပညာသည် တွေကလည်း ကျွန်တော်တို့တွေ တတ်ကျွမ်းတဲ့ အနုပညာနဲ့ အကုန်လုံး အားလုံး စုစုစည်းစည်း တက်တက်ကြွကြွနဲ့အခုဆိုလို့ရှိရင် အကုန်လုံး အဆိုတော်တွေကော၊ တီးဝိုင်းတွေကော စင်နောက်မှာ အကုန်စုံနေပြီ။ ပြည်သူက ကျွေးတဲ့ထမင်းကို စားနေတာဆိုတော့ ပြည်သူတွေ အကျိုးရှိမယ့်အလုပ်ကို ကျွန်တော်တို့အနုပညာသမားတိုင်းက အချိန်မရွေး၊ နေရာမရွေး အားလုံး တက်တက်ကြွကြွနဲ့ပါဝင်ပြီးတော့ ကူညီနေကြမှာပါပဲ"
ဒီပွဲကို Skynet ရုပ်သံဋ္ဌာနက တိုက်ရိုက်တင်ဆင်ဖို့ ပြန်ကြားရေး ဝန်ကြီးဋ္ဌာနက ခွင့်ပြုထားပါတယ်။ အခုလို အဖက်ဖက်က ဝိုင်းကူညီသူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမြအေးက ပြောပါတယ်။
"ဒီညတော့ ကျွန်တော်တို့ ဒါ ၁၉၈၈၊ ၂၄ နှစ် ကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့အစိုးရ စည်ပင်ပိုင် ခန်းမကြီးတစ်ခုမှာ တရားဝင် ကျင်းပလို့ရတဲ့ ပွဲဖြစ်တယ်။ နောက်တစ်ခုက ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို အဖက်ဖက်က ကူညီအားပေးခဲ့တဲ့ အဆိုတော်တွေကိုကော၊ တီးဝိုင်း ခေါင်းဆောင်တွေကော၊ Skynet ကိုကော၊ နောက်တစ်ခါ ကျွန်တော်တို့နဲ့အတူပေါ့ဗျာ။ ပင်ပန်း အဆင်းရဲခံပြီးတော့ ဒီပွဲဖြစ်မြောက်အောင်အတွက် အကုန်ဘက်စုံ လုပ်ကိုင်ပေးခဲ့တဲ့ ဗကသ ကျောင်းသားတွေ၊ ၂၀၀၇ ပေါ့နော်၊ မျိုးဆက်သစ်တွေ အားလုံးအားလုံး လက်မှတ်ဝယ်ပြီး ကြည့်ရှုအားပေးတဲ့ ပြည်သူလူထု အားလုံးအားလုံး အလှူရှင်တွေ အားလုံး အားလုံး ကျွန်တော် ကျေးဇူးအရမ်း တင်ပါတယ်"
ဒီပွဲမှာ စတိတ်စင်ရဲ့ နောက်ခံပုံကို ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ ရေးဆွဲထားတဲ့ မောင်းပြန် သေနတ်နှစ်လက်ထောင်ပြီး အဲဒီမှာ ကြိုးနဲ့ဒန်းစီးနေတဲ့ ကလေးငယ်ပုံကို ရန်ကုန်တိုင်း အစိုးရက ပြောင်းလဲခိုင်းတဲ့ အတွက် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ကဒေါင်း အမှတ်တံဆိပ်ကို ပြောင်းလိုက်ရတယ်လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဂီတ ဖျော်ဖြေပွဲကရတဲ့ ရန်ပုံငွေကို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေအတွက် သုံးစွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။