၈၈ မျိုးဆက် မြန်မာပြည်အလယ်ပိုင်း ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်စတင်
2012.09.30
မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ သာစည်နဲ့ ယင်းမာပင်စတဲ့ မြို့ရှစ်မြို့ကို ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေးခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကြောင်းကိုလည်း အလေးပေး ပြောကြမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးက RFA ကိုပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး ဖော်ဆောင်ရေး ခရီးစဉ်တိုင်းမှာ ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာမျိုး ဖြစ်စေချင်ပြီး ဖြစ်အောင်လည်းပဲ ကြိုးစားနေတယ်လို့ ဦးမြအေးက ပြောပါတယ်။
မကြာသေးမီက ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရန်အတွက် စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါသေးတယ်။