၈၈ မျိုးဆက် မြင်းခြံမြို့တွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းဖွင့်
2012.09.29
အဲဒီသင်တန်းမှာ နိုင်ငံရေး လူမှုရေးဆိုင်ရာ သဘောတရားတွေနဲ့ ကွန်ပျူတာ နည်းပညာဆိုင်ရာတွေကိုပါ သင်ကြားပို့ချပေးသွားမယ်လို့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က စမ်းချောင်းကိုကိုကြီးက ပြောပါတယ်။
"ကျွန်တော်တို့က မြင်းခြံမှာ သင်တန်းတစ်ခု ဖွင့်ခဲ့တယ်ဗျာ။ အဓိကကတော့ Human resources ပေါ့ဗျာ။ မြှင့်တင်ဖို့ ဆိုပြီးတော့ ဒီနေ့စပြီးတော့ သင်တန်းစလုပ်ကြတယ်။ ၂၉ ရက်နေ့ပေါ့။ အခုကျွန်တော်တို့ထဲက လူငယ်တွေက အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ထားတယ်။ အဲဒီအဖွဲ့က ဆရာ ၃ ယောက်ကအခု မြင်းခြံမှာ လူ ၅၀ လောက်ကိုစပြီးတော့ အဓိကကတော့ ICJ သင်တန်းတို့ IR တို့ နောက် Social science တို့၊ Political science တို့ အကုန်လုံးစပြီးတော့ သင်နေကြပြီ"
ဒီအတောတွင်း ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ တာဝန်ရှိသူ (၈) ဦးဟာ မနေ့က မြင်းခြံမြို့ကို သွားရောက်စဉ် မြင်းခြံနဲ့ အနီးတဝိုက်က ရန်တပို၊ ကိုင်းရွာတွေထိ သွားရောက်ပြီး ဒေသခံတွေနဲ့ ဆွေးနွေးပါတယ်။
ဒေသခံတွေက သူတို့မိသားစုတွေ ရင်ဆိုင်နေရတဲ့ ပညာရေးအခက်အခဲ၊ မြစ်ရေတင်ရေး အခက်အခဲ၊ နာရေးကူညီမှုအသင်းကိစ္စ စတာတွေကို ဆွေးနွေးကြောင်း သိရပါတယ်။