အခြေခံဥပဒေပြင်ဆင်ရေး ၈၈ ကျောင်းသားများအဖွဲ့ အကြံပြုမည်


2013.12.05

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို  ပြုပြင်ပြောင်းလဲဖို့လွယ်ကူတဲ့ ဖွဲ့စည်းပုံဖြစ်ရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြည်ထောင်စုလွှတ်တော်၊ ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို အကြံပြုစာပေးပို့သွားမယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က အဓိကတင်ပြမယ့် အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး အကြံပြုစာပြုစုရေးအဖွဲ့ဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ခုလိုပြောပြပါတယ်။

“နံပါတ် ၁ က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြုပြင်ပြောင်းလဲရန်လွယ်တဲ့ အခြေခံဥပဒေဖြစ်ဖို့လိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပြုပြင်ပြောင်းလဲရန်ခက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နောက်ဆုံပြုပြင်ပြောင်းလဲ ချင်ရင် သွေးထွက်သံယိုမှုတွေနဲ့ ပြောင်းလဲရတယ်၊ ဒါကြောင့် နောင်လာနောင်သားတွေ ပြုပြင်ပြောင်းလဲ ချင်ရင် ပြုပြင်ပြောင်းလဲရန် လွယ်ဖို့လိုတယ်၊ နောက် ဒုတိယတစ်ချက်ကတော့ ဗဟိုချုပ်ကိုင်မှုကို လျော့ချ ရင်းနဲ့ ဖက်ဒရယ်လစ်ဇင်ပေ့ါနော်၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးတည်ဖို့လိုတယ်ဆိုတဲ့ အဲဒီဥစ္စာကို ကျနော်တို့ချည်းကပ်မယ်၊ နောက် တတိယတစ်ချက်ကတော့ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စား လှယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်းထင်ရှားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး ဖြစ်ရမယ်ဆိုတဲ့ အဲဒီ ၃ ခုကနေပြီးတော့ ကျနော်တို့ချဉ်းကပ်မယ်”

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အနေနဲ့ ဒီအကြံပြုချက်တွေကို အခုဒီဇင်ဘာ နောက်ဆုံးပတ်အတွင်းမှာ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးကော်မတီကို တင်ပြသွားမယ်လို့လည်း ကိုဂျင်မီကပြောပါတယ်။

ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီဟာ အကြံပြုစာတွေကို ဒီဇင်ဘာလကုန်အထိ လက်ခံသွားမှာဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်မတိုင်မီမှာ ရရှိလာတဲ့ အကြံပြုချက်တွေအားလုံးကို လွှတ်တော်ကို အစီရင်ခံတင်ပြရမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများ  ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ လွှတ်တော်ရဲ့လုပ်ဆောင်မှုကို စောင့်ကြည့်လေ့လာသွားမယ်လို့လည်း ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။