ရခိုင်မှာ ကိုဗစ်ကြောင့်သေဆုံးသူ ၈၃ ဦးအထိ ရှိလာ
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်သူနဲ့ သေဆုံးသူအရေအတွက် နေ့စဉ်တိုးလာနေပြီး ဇူလိုင်လ ၂၃ ရက် ဒီနေ့မနက် ၈ နာရီအထိ ပြည်နယ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သေဆုံးသူ ၈၃ ဦးအထိ ရှိလာနေပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့ မနေ့ကအထိ သေဆုံးသူ ၇၄ ဦးအထိ ရှိခဲ့ရာကနေ တစ်ရက်တည်းမှာ ထပ်မံသေဆုံးသူ ကိုးဦး ရှိခဲ့တာကြောင့် ဒီနေ့မနက်ပိုင်းအထိ ၈၃ ဦးအထိ တိုးလာတာလည်း ဖြစ်ပါတယ်။
မနေ့က သေဆုံးသူတွေထဲမှာ စစ်တွေ သုံးဦး၊ ကျောက်ဖြူ တစ်ဦး၊ မာန်အောင် တစ်ဦး၊ အမ်း တစ်ဦးနဲ့ တောင်ကုတ် သုံးဦး ရှိခဲ့တာပါ။
ပိုးတွေ့သူကလည်း ၂၄ နာရီအတွင်း ၁၃၉ ဦးအထိ ရှိခဲ့တာကြောင့် ဒီနေ့မနက် ၈ နာရီအထိ ထုတ်ပြန်ချက်အရ ပိုးတွေ့သူစုစုပေါင်း ၁၉၂၈ ဦးအထိ ရှိနေပါတယ်။
ရခိုင်ပြည်နယ်မှာ လူဦးရေ သုံးသန်းကျော်ရှိတဲ့အနက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ လူဦးရေစုစုပေါင်းရဲ့ ၇ ဒဿမ ၈ ရာခိုင်နှုန်းဖြစ်ပြီး သေဆုံးမှုကတော့ ၄ ဒဿမ ၃ ရာခိုင်နှုန်းအထိရှိနေတယ်လို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) ကလည်း ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေကို ကြိုတင် ကာကွယ် တားဆီးနိုင်ဖို့အတွက် ပြည်နယ်တစ်ခုလုံးမှာ ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၄ ရက်နေ့အထိ နေအိမ်မှာ နေထိုင်ရေး Stay at Home ကာလအဖြစ် သတ်မှတ်ပြီး မလိုက်နာသူတွေကို ကိုဗစ်စည်းကမ်းတွေ နဲ့ အညီ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာဆိုရင် ဇူလိုင်လ ၂၂ ရက် မနေ့က နောက်ဆုံးထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြု လူနာသစ် ၆,၇၀၁ ဦး ထပ်မံတွေ့ရှိရတာကြောင့် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၅၃,၃၆၄) ဦး ရှိပြီဖြစ်ပါတယ်။
အတည်ပြုလူနာတွေထဲက ထပ်မံသေဆုံးသူ ၃၁၉ ဦး ရှိခဲ့လို့ မနေ့ကအထိ သေဆုံးသူစုစုပေါင်း ၆,၁၃၃ ဦး ရှိနေတယ်လို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီအရေအတွက်ဟာ ဓာတ်ခွဲစစ်ဆေးမှု စနစ်ထဲက အရေအတွက်ဖြစ်တာကြောင့် အပြင်မှာ ဓာတ်ခွဲစစ်ဆေးမှု စနစ်ထဲကိုရောက်မလာဘဲ ကူးစက်သေဆုံးမှုတွေလည်း ရှိနိုင်တယ်လို့ ဝန်ကြီးဌာနပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုးက RFA ကို ဇူလိုင်လ ၂၀ ရက်နေ့က ပြောဆိုထားပါတယ်။