ပေါက်မြို့နယ် တပ်ကုန်းရွာ တိုက်ခိုက်မှု လူခုနစ်ဦး သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ပျူစောထီးတွေအားကောင်းတဲ့ တပ်ကုန်းရွာကို ဇူလိုင်လ ၂၆ ရက် မနေ့ မနက်ပိုင်းမှာ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှစ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တာကြောင့် ရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့တွေနဲ့ အပြန်အလှန်တိုက်ပွဲ ဖြစ်ပြီး ကလေးနှစ်ဦး အပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီကိစ္စကို စစ်ကောင်စီဘက်က ချက်ချင်းသတင်းထုတ်ပြန်ထားသလို ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေကလည်း တိုက်ပွဲဖြစ်တာ မှန်ကန်ကြောင်း ပြောပါတယ်။
တပ်ကုန်းရွာဟာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေ အားကောင်းတဲ့ရွာဖြစ်ပြီး စစ်တပ်က လက်နက်အပြည့် တပ်ဆင်ပေးထားတာကြောင့် ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
ဒါဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့တဲ့အပေါ် လက်တုံ့ပြန်တာလို့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုဆယ်ကျော်က RFA ကို ပြောပါတယ်။
"ကျနော်တို့ ငါးနာရီခွဲကစတယ်။ ခုနစ်နာရီကျော်လောက်ထိ ပစ်ခတ်မှုတွေ ဖြစ်တာပေါ့။ ပျူစောထီးခေါင်ဆောင် အိမ် (၁၅) အိမ်လောက် မီးရှို့ဖျက်ဆီးခဲ့တယ်။ ပျူစောထီးဘက် က ခုနစ်ယောက်ထက်မနည်း ကျတယ်"
ကာကွယ်ရေးတပ်တွေက ဒီတိုက်ခိုက်မှုကို 'ဇေယျာသော်' စစ်ဆင်ရေးလို့ အမည်ပေးထား ပြီး ပေါက်တောင်ပိုင်း ပြောက်ကျားတပ် SPGF အပါအဝင် PDF တပ်ဖွဲ့ ရှစ်ဖွဲ့ပေါင်းပြီး လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ ဇူလိုင် ၂၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာတော့ ဒီတိုက်ခိုက်မှုကြောင့် တပ်ကုန်းရွာက ကလေးနှစ်ဦး အပါအဝင် လူခုနစ်ဦး သေဆုံးပြီး နေအိမ် (၄၁) လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသူ အမျိုးသား နှစ်ဦးကို ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးအဖြစ် စစ်ကောင်စီ သတင်းစာက ဖော်ပြထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ဒီလူတွေဟာ ပျူစောထီး အဖွဲ့ဝင်တွေလို့ သတ်မှတ်ထားပါတယ်။
ဒီတိုက်ခိုက်မှုမှာ ကလေးနှစ်ဦးအပါအဝင် အရပ်သားတွေ သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက PDF တပ်ဖွဲ့တွေကို ပြစ်တင်ရှုတ်ချထားပြီး PDF တွေဘက်ကတော့ သူတို့ဘက်က တိုက်ခိုက်မှုတွေလုပ်မယ်ဆိုတာ ပြည်သူကို ကြိုတင်အသိပေးထားပြီး ဖြစ်တယ်၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာမဟုတ်ဘဲ နှစ်ဖက်တိုက်ပွဲကြောင့် ထိခိုက်နစ်နာမှု အနည်းငယ်ရှိနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။