လှည်းကူးမှာ သုံးနှစ်အရွယ်ကလေး အပါအဝင် လူငါးဦး ပစ်သတ်ခံရ

RFA Burmese
2023.02.23
လှည်းကူးမှာ သုံးနှစ်အရွယ်ကလေး အပါအဝင် လူငါးဦး ပစ်သတ်ခံရ ရန်ကုန်တိုင်း လှည်းကူးမြို့အဝင်တစ်နေရာအား တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီက အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူငါးဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ လှည်းကူးမြို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။

လှည်းကူးမြို့နယ် ရိပ်သာရပ်ကွက်၊ မေဃဝတီ ၄ လမ်းမှာရှိတဲ့နေအိမ်ကို အမည်မသိ လက်နက်ကိုင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

“အဲအချိန်က လမ်းသွားလမ်းလာတွေရှိနေသေးတယ်။ သေဆုံးသူတွေက ဧည်ခန်းက ထိုင်ခုံတွေနဲ့ ကြမ်းပြင်ပေါ်မှာ ခေါင်းတည့်တည့်ကို ကျည်မှန်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေကြတာ။ အဲဒီအထဲက သုံးနှစ်သား ကလေးလေးဆို ကော်ပတ်ရုပ်လေးအတိုင်း ပဲ။ ငါးယောက်ထဲမှာ ဧည့်သည် အဘိုးကြီးတစ်ဦးလည်းပါတယ်”

သေဆုံးသူတွေဟာ ငါးခြောက်၊ ပုစွန်ခြောက် ရောင်းဝယ်ရေးလုပ်ကိုင်ပြီး မိသားစုတွေ ဖြစ်တဲ့ ဒေါ်စန်းနွဲ့ အပါအဝင် ကိုမောင်မောင်၊ မဝင်းနွယ်၊ မဝင်းနွယ်ရဲ့ အသက်သုံးနှစ် အရွယ်သားနဲ့ ဧည့်သည်ဖြစ်တဲ့ အသက် ၈၅ နှစ်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိတဲ့ တယ်လီဂရမ် စာမျက်နှာတွေမှာ PDF တွေရဲ့ လက်ချက်ဖြစ်ကြောင်း စွပ်စွဲထားကြပေမယ့် ကာကွယ်ရေးအဖွဲ့တွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေး သလို RFA အနေနဲ့လည်း ဘယ်သူ့လက်ချက်ဆိုတာကို အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လှည်းကူးမြို့နယ်ရဲစခန်း စခန်းမှူးထံ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အခုလုပ်ရပ်ဟာ လူသားမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး UG အဖွဲ့အစည်းတွေအနေနဲ့ မိသားစုလိုက် ရှင်းလင်းရေး လုပ်ဆောင်တာမျိုးမရှိသလို ကလေးငယ်တွေအပေါ် ပစ်မှတ်ထားတာမျိုး မရှိဘူးလို့ Yangon UG Association ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။