အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ချင်းလူမျိုး ၄၇၀ နီးပါး သတ်ဖြတ်ခံရ

RFA Burmese
2023.07.07
အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ချင်းလူမျိုး ၄၇၀ နီးပါး သတ်ဖြတ်ခံရ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခဲ့သည့် ချင်းပြည်နယ် ဝေဘူလမြို့မှ သေဆုံးသွားသူများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က သင်္ဂြိုဟ်ပေးနေစဉ်။
Citizen Journalist

စစ်တပ်က အာဏာသိမ်းထားတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ဇွန်လကုန်ထိ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ချင်းလူမျိုး ၄၆၈ ဦး သတ်ဖြတ်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေး စောင့်ကြည့်လေလာရေးအဖွဲ့တစ်ခု ဖြစ်တဲ့ ချင်းရေးရာအဖွဲ့ချုပ်က ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်က ချင်းလူမျိုးတွေအပြင် မြန်မာတစ်နိုင်ငံလုံးက ချင်းလူမျိုးတွေပါဝင်ပြီး သာမန်အရပ်သားနဲ့ လက်နက်ကိုင်တော်လှန်နေတဲ့ ချင်းလူမျိုးတွေရဲ့ သေဆုံးမှုတွေပါ ပါဝင်တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ရွှေဆန်းက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ စာရင်းကောက်တာက အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ချင်းလူမျိုးတွေအပေါ် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မူ သတ်ဖြတ်မူတွေကို မှတ်တမ်းတင်တာဖြစ်တယ်။ နှစ်နှစ်ခွဲအတွင်း သေဆုံးတဲ့ထဲမှာ အသက်မပြည့်သေတဲ့ သူတွေရော၊ ချင်းတော်လှန်ရေးထဲက လူတွေရော ပါဝင်တယ်။ အဓိကတော့ စစ်ကောင်စီကြောင့် သေဆုံးတဲ့ သူတွေအားလုံးပေါ့”

ချင်ရေးရာအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ်မှာ ၁၆၄ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၉၅ ဦးနဲ့ ၂၀၂၃ ခုနှစ်ဇွန်လကုန်ထိ ခြောက်လအတွင်း ၁၀၉ ဦး သတ်ဖြတ်ခံခဲ့ရတာပါ။

ဒီအရေအတွက်နဲ့ ပတ်သက်လို့ RFA ကသီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေး ပဋိပက္ခကို နိုင်ငံတကာက ထိရောက်တဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်သင့်ပြီလို့ ချင်းရေးရာအဖွဲ့ချုပ်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ဟာ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မှုအားကောင်းတဲ့ ဒေသတစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိလည်း ချင်းပြည်နယ်တွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၆ ရက်နေ့ ထိစာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ ၃၇၅၀ ဦးသေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။