သုံးနိုင်ငံ ခရီးသွား ဇုန်ပတ်လမ်း ဖန်တီးရေး တြိပူရ အဆိုပြု
2014.11.16
အိန္ဒိယအရှေ့မြောက်ပိုင်း တြိပူရပြည်နယ်၊ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် တို့ ဆက်စပ်ပြီး ခရီးသွားလုပ်ငန်း ပတ်လမ်း တစ်ခု ဖန်တီးသင့်ကြောင်း တြိပူရပြည်နယ် အစိုးရ ခရီးသွားလုပ်ငန်း ဝန်ကြီး က ပြောပါတယ်။
ဒီသုံးနေရာ ပူးပေါင်းပြီး ခရီးသွားလုပ်ငန်း စြင်္ကန်ပတ်လမ်းတစ်ခု ဖန်တီးကြမယ်ဆိုရင် ကိုယ့်နိုင်ငံ ကိုယ့်ဒေသက သမိုင်းဝင်နေရာတွေ ပိုပြီးလူသိများလာ၊ ပိုပြီးထင်ရှားကျော်ကြားလာမှာဖြစ်သလို၊ ပြည်သူတွေချင်းလည်း ဆက်ဆံရေး ပိုပြီးတိုးတက်လာမှာဖြစ်ပါတယ်၊ ဒါကြောင့် ဒီကိစ္စကို စဉ်းစားကြဖို့ အချိန်ကျနေပါပြီ လို့ တြိပူရ ပြည်နယ် ခရီးသွား လုပ်ငန်း ဝန်ကြီးက လေးရက်ကြာ ကျင်းပမယ့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပွဲတော် တစ်ခု မှာ ပြောဆိုခဲ့ပါတယ်။
အဲဒီပွဲတော်ကို တြိပူရပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း နဲ့ ဘင်္ဂလားဒေ့ရှ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ ဘင်္ဂလားဒေ့ရှ် ခရီးသွားလုပ်ငန်းရှင်များအသင်း တို့ ပူးပေါင်းကျင်းပခဲ့ကြတာဖြစ် ပါတယ်။ ခရီးသွားလုပ်ငန်း စြင်္ကန်ပတ်လမ်း ဖန်တီးရေး နဲ့ ပတ်သက်ပြီး ဦးဆုံးပထမ တြိပူရပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ် တို့ စတင်ပူးပေါင်းဆောင်ရွက်ကြဖို့ လည်း အကြံပြုခဲ့ကြပါတယ်။