ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ်တို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာ
2019.04.26

ကချင်ပြည်နယ်က တိုက်ပွဲကြား ပိတ်မိပြည်သူလွတ်မြောက်ရေး တောင်းဆိုခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ်တို့နှစ်ဦးဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ မြစ်ကြီးနား အကျဉ်းထောင်က လွတ်မြောက်လာခဲ့ပါတယ်။
သူတို့နှစ်ဦးကို တပ်တော်ကို အသေရေဖျက်မှု ပုဒ်မ ၅၀၀နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်းစီ ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ချမှတ်ခဲ့တာဖြစ်ပြီး ထောင်ဒဏ် ၄ လကျော် ကျခံပြီးနောက် ဒီနေ့ လွတ်မြောက်လာတာဖြစ်ပါတယ်။
သူတို့နှစ်ဦးနဲ့အတူ ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ခံရတဲ့ ဒေါ်နန်ပူကိုတော့ ကျန်းမာရေး အခြေအနေအကြောင့် မှုလသတ်မှတ်တဲ့ ၆ လအစား ၄ လအဖြစ် ပြည်နယ်တရားရုံးက မတ်လ ၂၉ ရက်နေ့က ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဧပြီလ ၅ ရက်နေ့က လွတ်မြောက်ခဲ့ပါတယ်။
တိုက်ပွဲကြား ပိတ်မိပြည်သူလွတ်မြောက်ရေးအတွက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ပွဲကြားမှာ ပြည်သူတွေကိုပိတ်တာ တပ်မတော်ဖြစ်တယ်၊ ပိတ်မိပြည်သူကို ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်၊ ခြိမ်းခြောက်တာ တပ်မတော်ပါဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မြေပြင်အခြေအနေကို မသိဘဲ တပ်မတော်ကို ပြည်သူအထင်အမြင်လွဲအောင် စွပ်စွဲပြောဆိုတယ်လို့ဆိုကာ တပ်မတော်ကို အသရေဖျက်စေမှု ပုဒ်မ (၅၀၀) နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက တရာလိုပြုလုပ်ကာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အပါအဝင် လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ မြန်မာနိုင်ငံနေရာ ဒေသအသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၆၉၄၈ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာက တင်ပြထားပါတယ်။