အင်းတော်မြို့နယ် အောင်းကုန်းရွာကို စစ်ကြောင်းထိုးလို့ ဒေသခံ ၂၅၀၀ နီးပါးထွက်ပြေး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အောင်းကုန်းရွာကို စက်တင်ဘာ ၂၈ ရက် ဒီမနက် စစ်ကောင်စီတပ်တွေဝင်လာလို့ အရပ်သား ၂၅၀၀ နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာအနီးထိတွေ့တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကောင်စီတပ်တွေက ရွာအတွင်းဝင်ရောက်စီးနင်း ခဲ့တာဖြစ်ပြီး နေအိမ်အချို့မီးလောင်နေတာကိုလည်း အဝေးကနေ မြင်ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တာ မရှိဘဲ ဒီတိုင်းဝင်လာပြီး မီးရှို့နေတာဗျ။ ပြည်သူ ၂၅၀၀ လောက်က လည်း တောထဲနဲ့ နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်”
နောက်ထပ်ဒေသခံတစ်ဦးကလည်း ဘေးလွတ်ရာကိုမပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတချို့ ဖမ်းဆီးခံထားရတယ်လို့ ပြောပါတယ်။
“အခုလောလောဆယ် ၅ အိမ် မီးရှို့ခံရတာ။ စစ်ကောင်စီတပ်တွေက ဒီမနက် ၉ နာရီ လောက်က စဝင်ပြီး မီးရှို့တာ။ နေ့လယ်လောက်မှာ မီးခိုးတွေမြင်ရတာ။ အခုတော့ မီးခိုးတွေ သိပ်မမြင်ရတော့ဘူး။ မသွားနိုင်တဲ့ သက်ကြီးရွယ်ကြီးအိုကို ထိန်းသိမ်းထား တာရှိတယ်လို့လည်း ကြားရတယ်”
အောင်းကုန်းရွာမှာ အိမ်ခြေ ၄၅၀ ကျော်ရှိပြီး လူဦးရေ ၂၅၀၀ နီးပါးနေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုချိန်အထိ ရွာထဲကို ပြန်မဝင်နိုင်သေးတဲ့အတွက် ထိခိုက်ဆုံးမှုအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။
အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အာဏာသိမ်းပြီးနောက် အရပ်သား ၅၂၈၃၀၀ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စက်တင်ဘာ ၅ ရက်က နောက်ဆုံးထုတ်ပြန် တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။