မြန်မာမှာ အကြမ်းဖက်မှုရပ်အောင် မကူညီလို့ အာဆီယံအရပ်ဘက် ၂၁ ဖွဲ့ ထိုင်းအစိုးရကိုပြစ်တင်

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အကြမ်းဖက်နေတာတွေ ရပ်အောင်မလုပ်ဆောင်တဲ့အတွက် အာဆီယံ အရပ်ဘက် ၂၁ ဖွဲ့က ထိုင်းအစိုးရကို ပြစ်တင်ရှုတ်ချလိုက်ပြီး၊ လူသားချင်းစာနာမှု အကူအညီတွေ နယ်စပ်ဖြတ်ပြီးပေးမယ့် ဆောင်ရွက်ချက်တွေမှာ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို စစ်လက်နက်ခဲယမ်း မီးကျောက်ပစ္စည်းတွေ၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၊ လေယာဉ်ဆီတွေ တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်လို့ပဲဖြစ်ဖြစ် ရောင်းတာ၊ ကူညီပံ့ပိုးတာတွေ မလုပ်ဖို့ကိုလည်း အဖွဲ့ ၂၁ ဖွဲ့က တိုက်တွန်းတောင်းဆိုထားပါတယ်။
မြန်မာပြည်က ထွက်ပြေးခိုလှုံလာတဲ့သူတွေကို ထိုင်းအစိုးရအနေနဲ့ ပြန်မောင်းမထုတ်ဘဲ လက်ခံထားဖို့ကိုလည်း အဖွဲ့တွေက တိုက်တွန်းထားပါတယ်။ အဲဒီအပြင် အာဆီယံဘုံသဘော တူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က လိုက်နာအကောင်အထည်ဖော်အောင် ထိုင်းအစိုးရအနေနဲ့ အာဆီယံဘက်က ကိုယ်စားပြု ဆောင်ရွက်ရမှာဖြစ်သလို၊ နိုင်ငံတကာမှာ ပြဌာန်းထားတဲ့ဥပဒေတွေ၊ လူ့အခွင့်အရေးတွေအရ ရာဇဝတ်မှုကျူးလွန်ထားသူကို တာဝန်ယူမှု တာဝန်ခံမှုရှိအောင် ဆောင်ရွက်ပေးရမယ်လို့လည်း ထောက်ပြထားပါတယ်။
ဇွန်လ ၃ဝ ရက်နေ့မှာ စစ်ကောင်စီတပ်က MIG-29 တိုက်လေယာဉ်တွေနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ပစ်ခတ်တိုက်ခိုက်သွားလို့ နှစ်နိုင်ငံစလုံးမှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ၊ တာ့ခ်ခရိုင် ပုပ္ဖရမြို့နယ် စာသင်ကျောင်းက ကလေးတွေ ထိပ်လန့်တကြား ပြေးလွှားပုန်းအောင်းရတာတွေဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်း၊ မလေးရှားနဲ့ မြန်မာတွေ ပါဝင်တဲ့ အဖွဲ့တွေက မနေ့က ဇူလိုင်လ ၃ ရက်နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြီး ထိုင်းအစိုးရကို ပြောဆိုလိုက်တာပါ။
ဇွန်လ ၂၆ ရက်နေ့ကတည်းကစလို့ စစ်ကောင်စီဟာ ဥကရစ်ထစခန်းနားကို တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ရွာသား ၈ဝဝ လောက် ထိုင်းနိုင်ငံ ပုပ္ဖရမြို့နယ်ထဲကို ထွက်ပြေးခိုလှုံနေရတယ်လို့လည်း ၂၁ ဖွဲ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ KNLA နဲ့ ပြည်ပအားကိုးအကြမ်းဖက်အဖွဲ့တွေ၊ PDF အမည်ခံအဖွဲ့တွေက ဥကရစ်ထစခန်းကို လာတိုက်တဲ့အတွက် သူတို့တပ်သားတွေက မြေပြင်ရော လေကြောင်းကပါ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ပြီး အဲဒီဒေသအနီးတဝိုက်မှာ ဆက်ပြီး လုံခြုံရေးယူထားတယ်လို့ ဇွန်လ ၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။