ထီးလင်းမြို့နယ် ရေမျက်နီရွာ အိမ်ခြေနှစ်ရာခန့် မီးရှို့ခံရ
2024.04.04

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာကို ဧပြီလ ၃ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ နှစ်ရာဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကျောမြို့အခြေစိုက် ကပစ-၂၃ က စစ်ကောင်စီတပ်သားတွေ အပါအဝင် ရေမျက်နီရွာရဲစခန်းမှာရှိနေတဲ့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီးတွေ ပူးပေါင်းအဖွဲ့ စုစုပေါင်း အင်အား ၁၅၀ ကျော်က ရွာကနေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
အိမ်ခြေ လေးရာကျော်ရှိတဲ့အနက် ထက်ဝက်ခန့်က မီးထဲပါသွားပြီလို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တာဝန်ခံ ကိုဂဠုန်က RFA ကို ပြောပါတယ်။
"လက်ရှိမှာ အိမ်ခြေက ထက်ဝက်ကျော်လောက် လောင်သွားတယ်။ ဒရုန်းနဲ့ ကင်းထောက်ကြည့်တာလည်း မှတ်တမ်းတော့ ရပြီးပြီ။ မနေ့က ၁၁ ကျော်လောက်စပြီး မီးရှို့တာ ညအထိ ကျနော်တို့ သွားတဲ့အချိန် ညအထိကိုမှ ရှို့တုန်းပဲ။ သူတို့ စခန်းပတ်ချာလည်း အကုန်ရှို့တယ်။ ရွာထဲကို အရင်ရှို့ပြီးမှ စခန်းဘေးက အိမ်တွေရော ရှို့တာဗျ”
ရွာကိုမီးရှို့နေတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ သူကဆိုပါတယ်။
ထီးလင်းမြို့နဲ့ ၂၅ မိုင်ခန့် ဝေးတဲ့ ရေမျက်နီရွာက ရဲစခန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိခဲ့တာပါ။ ဒါကြောင့် စစ်ကောင်စီတပ်က အင်အားတိုးချတာ၊ ရိက္ခာဖြည့်တာတွေ လုပ်ဆောင်နေပြီး ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်းကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ် ရှစ်သောင်းနီးပါး (၇၈,၇၃၇ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။