မကွေးတိုင်းက NLD ပါတီဝင် ၂၀ ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

2022.10.02
မကွေးတိုင်းက NLD ပါတီဝင် ၂၀ ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ စေတုတ္ထရာမြို့နယ်မှ NLD ပါတီဝင် ဒေါ်အေးအေးအောင် (ခ) အေးစန္ဒာအား တွေ့ရစဉ်။
Photo: Citizen Journalist

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၉ ဦးနဲ့ စေတုတ္ထရာမြို့နယ်က NLD ပါတီဝင် တစ်ဦး စုစုပေါင်း ၂၀ ဦးကို စက်တင်ဘာလ ၃၀ ရက်က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါင်းနေထောင်တွင်း တရားရားရုံးကနေ ကိုဇော်ဝင်း၊ ကိုဝင်းကြိုင်၊ ကိုနီသွေး၊ ကိုကြည်လင်း၊ ကိုချစ်ညီညီ၊ ကိုလှိုင်ဝင်း၊ ကိုကျော်ဝင်းစိန်၊ ကိုစံဌေး၊ ကိုသန်းထွန်း၊ ကိုဝင်းဇော်ဦး၊ ကိုဇော်မျိုးထက်တို့ ၁၁ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(ခ)၊ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၂၅ နှစ်စီ ချမှတ်ခဲ့ပါတယ်။

ဒီအပြင် မအေးအေးအောင် (ခ) မအေးစန္ဒာ၊ ကိုကျော်ဇင်မင်း၊ ကိုတင်မောင်ထွန်း၊ ကိုညီညီအောင်၊ ကိုသန်းစိုး၊ ကိုညိုဝင်းအောင်၊ ကိုဆန်းလင်းအောင် (ခ) မဲလုံး၊ ကိုဇော်မျိုးအောင်၊ ကိုဘုန်းကျော်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က) တွေနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်လိုက်တာလို့ ဒီအကြောင်းကိုသိတဲ့ ပွင့်ဖြူ မြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

စေတုတ္ထရာမြို့နယ်က NLD ပါတီဝင် ဒေါ်အေးအေးအောင် (ခ) အေးစန္ဒာကို ပုဒ်မ ၅၀ (က) ၊ ၅၂(က) နဲ့ ယခင်က ထောင်ဒဏ်နှစ် ၂၀ ချမှတ်ပြီးဖြစ်လို့ စက်တင်ဘာ ၃၀ ရက်က ထပ်မံချမှတ်တဲ့ ထောင်ဒဏ်နဲ့ဆိုရင် စုစုပေါင်း နှစ် ၄၀ ချမှတ်ခံရတာပါ။

အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ NLD ပါတီဝင်တွေကို စေတုတ္ထရာမြို့နယ်ထဲမှာ စစ်ကောင်စီ တပ်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖမ်းဆီးခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် အရပ်သား ၁၂၅၄၈ ဦးဖမ်းဆီးခံ ထားရပြီး အဲဒီထဲက ၁,၄၉၅ ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။