ကန်ပက်လက်မှာ ဒေသခံ ၁၅၀၀ ခန့် ထွက်ပြေးနေရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဘက်ကို မကွေးတိုင်းကနေ အင်အား ဖြည့်ဖို့ လာတဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းနဲ့ CDF အဖွဲ့တို့အကြား တိုက်ခိုက်မှုတွေ ကြောင့် ကန်ပက်လက်မြို့နယ် မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ရွာ၊ ထန်းကုန်း စတဲ့ ရွာတွေအပါအဝင် ကျေးရွာ ခြောက်ရွာက ဒေသခံ ၁၅၀၀ ခန့် တောတောင်တွေထဲကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး သုံးရက်ကြာ ဖြစ်ပွားခဲ့တာလို့ ကန်ပက်လက် CDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ တိုက်ပွဲဖြစ်တာက ၂၀ ရက်နေ့က လောင်းရှည်ဘက်ကနေ ကျင်းဒွေးမြို့ ကို ရိက္ခာပို့လာတဲ့ စစ်ကား ၁၄ စီး၊ အင်းအား ၂၅၀ ခန့် ပါတဲ့ဟာကို ပြောက်ကျားနည်းနဲ့ တိုက်တာပေါ့။ တိုက်ပွဲက သုံးရက်ဖြစ်တာပေါ့။ တိုက်ပွဲ သုံးရက်မှာ ရွာပေါင်း ခြောက်ရွာ က လူဦးရေ ၁၅၀၀ လောက် နီးစပ်ရာရွာတွေနဲ့ ကျေးရွာတွေမှာ ထွက်ပြေးနေရတယ်"
သုံးရက်ကြာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၃ ဦး သေဆုံးပြီး CDF ဘက်ကတော့ ထိခိုက်သေဆုံးတာမရှိဘူးလို့ ဆိုပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုတွေကြောင့် မကွေးတိုင်း၊ လောင်းရှည်ဘက်ကနေ မဆာတွီ - ကျင်ဒွေး လမ်းကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ရှင်းလင်းပစ်ခတ်တာကြောင့် အနီးအနားရှိကျေးရွာ ခြောက်ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် မနေ့က ကန်ပက်လက်မြို့နယ် မောချောင်းကျေးရွာက လူနေအိမ် လေးလုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ပြီး မဆာတွီကျေးရွာမှာရှိတဲ့ နေအိမ်တွေကို မွှေနှောက်ရှာဖွေပြီး အိမ်တွင်းပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ကန်ပလက်မြို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေဟာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲ ကြုံနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။