၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုပွဲကျင်းပရေး စာတင်
2013.12.16

၁၃၀၀ ပြည့်အရေးတော်ပုံ ၇၅ နှစ်ပြည့် စိန်ရတုပွဲကို လာမယ့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အထက်ပစ္စယံရင်ပြင်မှာ ကျင်းပနိုင်ဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေဆီကို စာတင်ထားတယ်လို့ စိန်ရတုပွဲဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ တို့ဗမာအစည်းအရုံးဝင် သခင်၊ သခင်မတွေရဲ့ မိသားစုတွေက ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုပွဲနဲ့ပတ်သက်ပြီး ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စိန်ရတုပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ သခင်လှကျွေရဲ့သား ကိုအောင်နိုင်(တို့ဗမာ) က အခုလို ပြောခဲ့တာပါ။
“အဲဒီနေ့မှာ ရွှေတိဂုံဘုရားကို ကျနော်တို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီမှာ တောင်းဆို ထားပါတယ်၊ ကွန်လွန်သွားကြလေသော သခင်၊ သခင်မကြီးများ၊ ကျောင်းသား၊ ကျောင်းသူများအားလုံး တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်အပေါင်းကို ကျနော်တို့ ဂါရဝပြုပူဇော်တဲ့အနေနဲ့ အထက်ပစ္စယံမှာ နံနက် ၁၁ နာရီမှာ သံဃာတော် ၇၅ ပါးကို သင်္ကန်းအစုံနဲ့ ဝတ္တုကို ကျနော်တို့ ဆွမ်းလောင်းဆပ်ကပ်ပါမယ်”
အခုလို ရွှေတိဂုံဘုရားမှာ စိန်ရတုပွဲကျင်းပဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ခွင့်မပြုခဲ့ဘူးဆိုရင်လည်း နေရာ တစ်နေရာဌားရမ်းပြီး ကျင်းပသွားမယ်လို့ ပြောပါတယ်။
၁၃၀၀ ပြည့်ရေနံမြေသပိတ် စိန်ရတုအခမ်းအနားကို ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့တုန်းကလည်း မကွေးတိုင်းဒေသကြီး ချောက်မြို့မှာကျင်းပခဲ့ပြီး ကြေးပိသာချိန် ၂၀၀ ရာကျော်ရှိတဲ့ ရေနံမြေသပိတ်ခေါင်းဆောင် အာဠာဝက သခင်ဘိုးလှကြီး ကြေးသွန်းရုပ်တုကို ဖွင့်လှစ်ခဲ့ကြပါတယ်။