ထားဝယ်မှာ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၂၂ ဦး ရှိ
တနင်္သာရီတိုင်း ထားဝယ်မြို့ထောင်တွင်းတရားရုံးကနေ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား (အမျိုးသား) ၁၂၂ ဦး ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တယ်လို့ ထားဝယ် နိုင်ငံရေးအကျဉ်းသားကွန်ရက်က ဇန်နဝါရီလ ၁ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီအထဲမှာ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်က အမိန့်ချမှတ်ခံရသူများထဲကနေ ၂၄ ဦး ပြန်လွတ်ခဲ့ပြီး အခုလက်ရှိ ၉၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
စာရင်းအချက်အလက် မပြည့်စုံသေးလို့ အမျိုးသမီးနိုင်ငံရေး အကျဉ်းသားစာရင်းကိုတော့ မထုတ်ပြန်နိုင် သေးဘူးလို့ အဲဒီကွန်ရက်က ပြောပါတယ်။
အများစုဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရသူတွေ ဖြစ်ပြီး တချို့လည်း ကျန်တဲ့အမှုတွေနဲ့ ဆက်လက်တရားရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းမှာ ပြည်သူ ၁၃၉၃ ဦး သေဆုံးခဲ့ပြီး ၁၁၂၉၆ ဦး အဖမ်းခံခဲ့ရတယ် လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန် ထားပါတယ်။