လုပ်ခလစာတိုးတောင်းလို့ ဖမ်းဆီးခံထားရသူ ၁၂ ဦး ခံဝန်နဲ့ပြန်လွတ်လာ
2023.09.05

၂၀၂၃ ခုနှစ်၊ ဇွန်လက လုပ်ခလစာတိုးတောင်းလို့ဆိုပြီး ဖမ်းဆီးခံလိုက်ရတဲ့ စက်ရုံအလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူ စုစုပေါင်း ၁၂ ဦး စက်တင်ဘာလ ၄ ရက် မနေ့ညက ခံဝန်နဲ့ ပြန်လွတ်လာတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဟိုစိမ့်မြန်မာ (Hosheng Myanmar) အထည်ချုပ်စက်ရုံက ငါးဦး၊ လှိုင်သာယာမြို့နယ် Sun Apparel (Myanmar) အထည်ချုပ်စက်ရုံက နှစ်ဦး၊ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Action Labor Rights အဖွဲ့ဝင်လေးဦးနဲ့ အလုပ်သမားတွေကို ကူညီဖို့လက်ခံခဲ့တဲ့ လက်ဖက်ရည်ဆိုင်ရှင် တစ်ဦးဖြစ်ပါတယ်။
စုစုပေါင်း ၁၂ ဦး လွတ်မြောက်တာမှန်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။
"အင်းစိန်ထောင်က လွတ်လာတာ ဆယ်ဦး၊ လှော်ကားရဲစခန်းက လွတ်လာတာ နှစ်ဦး မနေ့ညက လွတ်လာတာပါ၊ ပြီးခဲ့တဲ့ ဇွန်လက လုပ်ခလစာတိုးမြှင့်ပေးဖို့ အပါအဝင် လုပ်ငန်းခွင်ထိခိုက်မှုတွေကို အကာအကွယ်ပေးဖို့၊ သောက်ရေ မသန့်ရှင်းမှုကို စီစဉ်ပေးဖို့အတွက်နဲ့ ဆန္ဒပြခဲ့ကြတာကြောင့် နိုင်ငံရေးပုဒ်မ ၅၀၅ (က)၊ တရားမဝင် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့နဲ့ စွဲပြီး ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမားတွေ၊ ကူညီခဲ့သူတွေ လွတ်လာတာ ဟုတ်ပါတယ်"
Action Labor Rights အဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း အခုလို လွတ်မြောက်လာပေမယ့် ခံဝန်ထိုးခဲ့ရတာကြောင့် အလုပ်သမားတွေအတွက် ဘာအကျိုးစီးပွားမှ မရှိဘူးလို့ RFA ကို ပြောပါတယ်။
"လုပ်ခလစာတိုးတောင်းလို့ ဖမ်းဆီးခံခဲ့ရတဲ့သူတွေဆိုတော့ အလုပ်ရှင်တွေက ပေးသလောက်နဲ့ပဲ အလုပ်လုပ်ကြလို့ ပြောလိုက်တဲ့သဘောပေါ့၊ အလုပ်သမား ဝန်ကြီးဌာနက မတရားအသင်း ကြေညာခံထားရတဲ့ အလုပ်သမား အဖွဲ့တွေနဲ့လည်း မဆက်သွယ်ရဘူး၊ အကူအညီ မတောင်းခံရဘူး၊ အလုပ်သမားအခွင့်အရေး တောင်းရင်၊ အလုပ်သမားတွေကို ကူညီတဲ့အဖွဲ့နဲ့ဆက်သွယ်ရင် ပြန်ဖမ်းဆီးမယ်ဆိုတော့ အလုပ်သမားတွေအတွက် ဘာအကျိုးစီးပွားမှ မရှိဘူးပြောရမှာပေါ့"
စက်ရုံအလုပ်ရုံတွေမှာ လုပ်ခလစာနည်းပါးတာကြောင့် အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုရင်း ဖမ်းဆီးခံရတာဖြစ်ပြီး လက်ရှိလည်း ကုန်ဈေးနှုန်းကြီးမြင့်မှု လုပ်ခလစာနည်းပါးမှုနဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေ ရတာတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့က အလုပ်သမား သမဂ္ဂနဲ့ အလုပ်သမားအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့ကို "တရားဝင်ဖွဲ့စည်း ထားသော အဖွဲ့အစည်းများမဟုတ်" ဆိုပြီး စစ်ကောင်စီရဲ့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။