စစ်ပြေးဒုက္ခသည် တစ်ထောင်ကျော် ကေအိုင်အေ နယ်မြေထဲ ဝင်ရောက်ခိုလှုံ
2013.11.20

ပြီးခဲ့တဲ့ရက်ပိုင်းက ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါကျေးရွာမှာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနဲ့ အစိုးရတပ်အကြား ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့ ဒေသခံ နှစ်ထောင်ကျော်ထဲက တစ်ထောင်ကျော်လောက် ဟာ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်စခန်းတွေကို ရောက်ရှိနေတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက RFA ကို ပြောပါတယ်။
ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေထဲက မန်စီမြို့နယ် လဂတ်ယမ်နဲ့ လနဇူဂျာ ဒုက္ခသည်စခန်းတွေမှာ အခုရက်ပိုင်းအတွင်း နမ့်လင်းပါကျေးရွာကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၁၀၀၀ နီးပါး ရောက်ရှိနေပြီလို့ တရုတ်-မြန်မာနယ်စပ်အနီး မိုင်ဂျာယန်အခြေစိုက် ဝံပေါင် နင်းတွိုင်း Wunpawng Ninghtoi (WPN) လူမှုကူညီရေးအဖွဲ့ တာဝန်ခံ မမေရီတောမ်က ပြောပါတယ်။
"ကျမတို့ရထားတဲ့ သတင်းအရဆိုရင် လဂတ်ယမ်စခန်းမှာက မနေ့ညနဲ့ ဒီနေ့ဆိုရင် ၂ဝဝ ပတ်ဝန်းကျင်နားတော့ရောက်နေပြီ၊ နေက်ပြီး ကျောင်းသား ၃ဝဝ နီးပါးက လနဇူဂျာစခန်းကို ရောက်နေပြီ၊ လမ်းခရီးမှာလည်း ၈ဝဝ နဲ့ ၁ဝဝဝ ထောင်ကြားမှာရှိနေဆဲဖြစ်တယ်၊ အဲဒီစခန်းတွေက ကေအိုင်အို နယ်မြေထဲမှာပဲဖြစ်တယ်၊ ဒါပေမယ့် အဲဒီစခန်းတွေမှာ ဘာသာရေးအဖွဲ့တွေက စီမံအုပ်ချုပ်နေတယ်"
နိုဝင်ဘာလ ၁၆ ရက်နေ့ညပိုင်းက စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် နမ့်လင်းပါကျေးရွာ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေနဲ့ ကျေးရွာဒေသခံတွေဟာ ခုလို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ အဲဒီ ထွက်ပြေးလာသူတွေထဲက ရာနဲ့ချီတဲ့ ဒုက္ခသည်တွေကတော့ မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာ ဒုက္ခသည်စခန်းမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။
ဒီနေ့မနက်မှာတော့ နမ့်လင်းပါကျေးရွာတဝိုက်မှာ တိုက်ပွဲအခြေအနေ တည်ငြိမ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဇင်မာဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။