နတ်မောက်မှာ ဒေသခံ ၁၀၀ ခန့် နှစ်ပတ်နီးပါးကြာ ထိန်းသိမ်းစစ်ဆေးခံနေရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေရွာသား ၁၀၀ ခန့်ဟာ အောက်တိုဘာလ ၁၇ ရက်နေ့ကနေ အောက်တိုဘာလ ၂၈ ရက် ဒီနေ့အထိ အချိန်နှစ်ပတ်နီးပါးကြာ စစ်ကောင်စီ တပ်သားတွေရဲ့ ထိန်းသိမ်းစစ်ဆေးမှုကို ခံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းအား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖက်တောရေရွာကို အောက်တိုဘာလ ၁၇ နေ့က စတင်ဝင်ရောက်ပြီး ရွာသား ၁၃၀ ခန့်ကို ရွာထဲမှာ ထိန်းသိမ်းစစ်ဆေးခဲ့ရာကနေ လူ ၃၀ ခန့်လောက်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်ထပ် လူ ၁၀၀ လောက်ကိုတော့ ဒီနေ့အထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
"အခုလောလောဆယ် သူတို့ကို အစာတွေဘာတွေ ပေးခွင့်ရှိတယ်။ လွှတ်တဲ့သူတွေ လည်း လွှတ်ပေးတယ်။ သူတို့က တစ်ရွာလုံးကို ဖြန့်ထားတယ်။ ကျနော့်ညီကို မေးကြည့်တာ ကြမ်းနေတယ်လို့ ပြောတယ်။ ဖုန်းတွေဘာတွေ ကိုင်တာကို သူတို့ရှေ့မှာ လုပ်လို့မရဘူး"
ကျေးရွာသားတွေဟာ ရွာဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းစစ်ဆေးခံနေရတာဖြစ်သလို ရွာထဲက လူနေအိမ် ၁၂ လုံးခန့်ပါ မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သူက ပြောပါတယ်။
ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရ သူကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။
ဖက်တောရေရွာမှာ အိမ်ခြေ ၃၅၀ ခန့်နဲ့ လူဦးရေ နှစ်ထောင်ဝန်းကျင်ပြီး ရွာသားအများစုကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အဲဒီရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်နှစ်လက်ပါသွားလို့ အခုလို ရွာကိုဝင်ရောက်စီးနင်း ဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။