ချင်းပုန်းရွာသား ၁၀၀ ခန့် အဖမ်းခံထားရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာကို ဖေဖော်ဝါရီ ၂၆ ရက် မနေ့က စစ်ကောင် စီ တပ်ဖွဲ့ဝင်တွေ ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်လာပြီးတဲ့နောက် မူကြိုကျောင်းက အသက် ၄ နှစ်အရွယ် ကလေးတွေ အပါအဝင် လူ ၁၀၀ ခန့် အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရဟတ်ယာဉ်တွေ ရုတ်တရက်ရောက်လာလို့ ရွာသားတချို့လည်း ထွက်မပြေးနိုင်ခဲ့ကြ ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
“မူကြိုက ရွာကဆရာတော်က ဦးစီးပြီး ဖွင့်ပေးထားတာ၊ တခြားရွာတွေကပါ လာထား ကြတော့ ကလေးတွေများတယ်။ ရုတ်တရက်ဆိုတော့ ထွက်မပြေးနိုင်ကြတော့ ကလေး တွေနဲ့ ဆရာမလည်း ဖမ်းခံထားရတယ်။ သေဆုံးတာတွေလည်းရှိတယ်လို့ ကြားရပေ မယ့် အဆက်သွယ်တွေ သိပ်မရကြတော့ အတိကျ မပြောနိုင်သေးဘူး“
စစ်ကောင်စီတပ်တွေဟာ လက်ရှိချင်းပုန်းရွာမှာပဲ တပ်စွဲထားပြီး ရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ညက တစ်ညလုံး ပစ်ခတ်နေခဲ့တယ်လို့လည်း ဆိုပါတယ်။
ချင်းပုန်းရွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF သင်တန်းဆင်းပွဲလုပ်မယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရဟတ်ယာဉ်လေးစင်းနဲ့ ချင်းပုန်းရွာကို ဖေဖော်ဝါရီ ၂၆ ရက် မနေ့က ရောက်လာပြီး နှစ်စင်းက စစ်သားတွေချကာ နှစ်စင်းက ရွာအနီးပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် အခုလို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ချင်းပုန်း၊ ညောင်းကိုင်း၊ ညောင်ပင်သာ၊ သစ်ရာပင်၊ တာ၀ စတဲ့ရွာတွေ အပါအဝင် ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ချင်းပုန်းရွာဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းနေဆဲ ဖြစ်ပါတယ်။