ကျိုက်လတ်မှာ ဒေသခံ ၁၀ ဦးထက်မနည်း ဆက်တိုက် ဖမ်းဆီးခံရ

2022.10.30
ကျိုက်လတ်မှာ ဒေသခံ ၁၀ ဦးထက်မနည်း ဆက်တိုက် ဖမ်းဆီးခံရ ဧရာဝတီတိုင်း၊ ကျိုက်လတ် မြို့မဈေးကြီးအား တွေ့ရစဉ်။
Photo: We Love Kyaiklat

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာ ၂၁ ရက်ကစလို့ ဒေသခံ ၁၀ ဦးထက်မနည်း စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ကျိုက်လတ်မြို့ခံတွေက RFA ကို ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့က ကျိုက်လတ်မြိုနယ်၊ ကျုံတုံးလက်ပံရွာအုပ်စုထဲမှာရှိတဲ့ အလယ်စုရွာက ဦးဌေးဝင်းရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲပြီးနောက် ဆက်တိုက်ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျိုက်လတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဦးဌေးဝင်းအိမ် ဗုံးဖောက်ခံရပြီး အဖမ်းခံရတာ။ နေရာစုံကလူတွေ ဖမ်းခံရတာ။ လူလတ်ပိုင်းတွေများတယ်။ ၁၀ ဦးကျော်တယ်။ အခု ကျိုတ်လတ်ရဲစခန်းမှာလို့လည်း ကြားတယ်။ မိသားစုတွေကတော့ လိုက်စုံစမ်းနေကြတုန်းပဲ။ ဘယ်ကိုဖမ်းသွားမှန်း အတိအကျတော့ မသိသေးဘူး”

ဦးဌေးဝင်းရဲ့နေအိမ် ဗုံးဖောက်ခွဲတာကို ဧရာဝတီစစ်ဒေသကွပ်ကွဲရေးအဖွဲ့ရဲ့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် Red Dragon တော်လှန်ရေးအဖွဲ့က လုပ်ခဲ့တာလို့ အဲဒီနေ့မှာပဲ ထုတ်ပြန်ပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။