မြန်မာ့အရေးဝင်မစွက်ဖက်ဖို့ အမေရိကန်ရောက် မြန်မာတွေ၊ အနုပညာရှင်တွေ တရုတ်ကိုဆန့်ကျင်ကန့်ကွက်

ရဲခေါင်မြင့်မောင်၊ ရဲစည်သူကာ (ဝါရှင်တန်ဒီစီ)
2025.01.03
မြန်မာ့အရေးဝင်မစွက်ဖက်ဖို့ အမေရိကန်ရောက် မြန်မာတွေ၊ အနုပညာရှင်တွေ တရုတ်ကိုဆန့်ကျင်ကန့်ကွက် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ တရုတ်သံရုံးရှေ့တွင် အမေရိကန်ရောက် မြန်မာအနုပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ ဆန္ဒပြနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။ (
RFA

မြန်မာ့ပြည်တွင်းရေးမှာ တရုတ်နိုင်ငံ ပါဝင်ပတ်သက်နေတာကို အမေရိကန်ရောက် မြန်မာအနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး ဒေသစံတော်ချိန် ဇန်နဝါရီလ ၃ ရက် ညနေက ဝါရှင်တန် ဒီစီမြို့ တရုတ်သံရုံးရှေ့မှာ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဇန်နဝါရီ ၄ ရက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့နဲ့ အချိန်ကိုက်ပြီး ပြုလုပ်တဲ့ ဒီဆန္ဒပြပွဲမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ပါဝင်စွက်ဖက်မှုဆန့်ကျင်ရေးအဖွဲ့ GAACM၊ မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့တွေနဲ့ အဆိုတော် ရန်ရန်ချမ်း၊ ကော်ဘရာ၊ လင်းနစ်၊ ကျော်သီဟ၊ ထက်အောင်ရှိုင်း တို့ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

နှင်းတွေ သည်းသည်းမည်းမည်းကျနေတဲ့ကြားမှာ ဆန္ဒပြသူတွေဟာ မြန်မာ၊ တရုတ်၊ အင်္ဂလိပ်ဘာသာ စကားတွေနဲ့ တောင်းဆိုကြွေးကြော်ခဲ့ကြပြီး နွေဦးတော်လှန်ရေးရဲ့ အမှတ်သင်္ကေတစ်ခုဖြစ်တဲ့ သံပုံးတီးပြီး တောထုတ်တဲ့ လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲဟာ တရုတ်အစိုးရက စစ်ကောင်စီဘက်က အားပေးထောက်ခံနေတာကို မလိုလားကြောင်း မြန်မာပြည်သူတွေရဲ့ အသံကို ပြသတာဖြစ်တယ်လို့ အဆိုတော် ကိုလင်းထက်က ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီကို တရုတ်အစိုးရက အားပေးထောက်ခံနေတာကို ခါးခါးသီးသီး ကန့်ကွက်ရှုံ့ချတဲ့အကြောင်း လာရောက်ဆန္ဒပြတဲ့ အဆိုတော် ကိုထက်အောင်ရှိုင်းက ပြောပါတယ်။

ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသူ ဒေါ်ခင်အေးမြင့်က မြန်မာပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်ကောင်စီကို အားပေးထောက်ခံနေတာကြောင့် မခံချင်စိတ်နဲ့ လာရောက်ဆန္ဒပြတာလို့ ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

တရုတ်အစိုးရ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ဆန္ဒပြတောင်းဆို

စစ်ကောင်စီရွေးကောက်ပွဲ တရုတ်ထောက်ခံတာကို ဗြိတိန်ရောက်မြန်မာတွေ ဆန္ဒပြ

တရုတ်ဖိအားကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ TNLA ပြော


တရုတ်အစိုးရဟာ မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သံတမန်ရေးအရ အကာအကွယ်ပေးနေတာ ရပ်တန့်ဖို့၊ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံနေတာ ရုတ်သိမ်းဖို့၊ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတာ ရပ်တန့်ဖို့၊၊ ကြေးစားတပ်တွေ မြန်မာနိုင်ငံမှာချထားဖို့ သဘောတူထားတာ ရုတ်သိမ်းဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်ဖို့ ဖိအားပေး နေတာရပ်တန့်ဖို့ စတဲ့ အချက် ငါးချက်ပါတဲ့ တောင်းဆိုချက်ကို ဒီဆန္ဒပြပွဲမှာပါဝင်သူတွေ ပူးပေါင်းပြီး ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။