ဖားကန့်မှာ တရုတ်နိုင်ငံသားတွေကျောက်ဝယ်နေလို့ ပြည်တွင်းလုပ်ငန်းရှင်တွေနစ်နာနေ

RFA Burmese
2023.06.15
ဖားကန့်မှာ တရုတ်နိုင်ငံသားတွေကျောက်ဝယ်နေလို့ ပြည်တွင်းလုပ်ငန်းရှင်တွေနစ်နာနေ ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင် ကျောက်ဝိုင်းအား ၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကချင်ပြည်နယ် ဖားကန့်မြို့ထဲကို တရုတ်နိုင်ငံသား ကျောက်ပွဲစားတွေလာပြီး တရားမဝင်ဝယ်တာတွေ များလာတဲ့အတွက် ဒေသခံ ကျောက်ပွဲစားတွေ နစ်နာနေရတယ်လို့ ကျောက်စိမ်းလုပ်ငန်းသမားတွေက RFA ကို ပြောပါတယ်။

အရင်ကတော့ နိုင်ငံခြားသားတွေဆိုရင် မန္တလေးကျောက်ဝိုင်းနဲ့ နေပြည်တော် ကျောက်မျက်ပြပွဲတွေမှာပဲ တရားဝင်ဝယ်ခွင့်ရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်အာဏာသိမ်း ပြီးတဲ့နောက်မှာ တရုတ်နိုင်ငံသား ကျောက်ပွဲစားတွေက ဖားကန့်အထိ တိုက်ရိုက် လာဝယ်တာများနေပြီလို့ ပြည်တွင်း ကျောက်လုပ်ငန်းရှင်တွေက ပြောပါတယ်။

"မှောင်ခိုလမ်းကြောင်းကနေ တရုတ်ပြည်ကို ရောက်ရှိသွားမှာဖြစ်တယ်"

မြန်မာကျောက်သမားတွေက တရုတ်ပြည်တွင်းဈေးကွက်ကို အဓိကအားထားရတာပါ။ ဒါပေမဲ့ သူတို့ဆီက အခုလို တိုက်ရိုက်လာဝယ်နေတာကြောင့် မြန်မာကျောက်လုပ်ငန်း သမားတွေ နစ်နာရတယ်လို့ လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“အရင်တုန်းကဆိုရင် မန္တလေးနဲ့ ရွှေလီလောက်မှာပဲ တရုတ်ဝယ်လက်တွေက စောင့်ဝယ်တာများပါတယ်။ ကျနော်တို့ ဒီက ဗမာဝယ်လက်တွေက ရေမဆေးဝယ်တယ်၊ ဆေးတယ် ပြီးရင် ရေမဆေး ဆေးပြီးသားကို ဖြတ်တဲ့သူက ဖြတ်၊ အလုံးစွတ်ရောင်းတဲ့ သူကရောင်း မန္တလေးနဲ့ ရွှေလီတို့ကို ပို့ပြီးတော့မှ ကျွန်တော်တို့ ရောင်းပါတယ်။ အခုကကျတော့ တရုတ်လူမျိုးတွေက ကျောက်ဝယ်တာက Wechat တွေနဲ့ မြေစာပုံ အထိ လာဝယ်ပါတယ်။ ကုန်သည်က တိုက်ရိုက်ဆင်းလာရင်တော့ ဘယ်လုပ်ငန်းမျိုးမဆို ဆန်၊ စပါး၊ ပဲ၊ နှံတွေတောင် ပွဲရုံက ဆင်းလာတာနဲ့ အောက်ကအရောင်းဝယ် လုပ်တဲ့ သူနဲ့က မတူဘူးပေါ့။ အဲမှာတင် ကွာဟမှုရှိတာပေါ့”

တရုတ်နိုင်ငံသား ကျောက်ပွဲစားတွေဟာ မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေနဲ့ ချိတ်ဆက်ပြီး ဖားကန့်ကို အစုအဖွဲ့နဲ့ လာနေကြတာဖြစ်ပါတယ်။ ဝင်လာတဲ့လူ အရေအတွက် အတိကျကိုမသိနိုင်ပေမယ့် ကျောက်လာဝယ်တဲ့လူ ဆယ်ယောက်မှာ ငါးယောက်လောက်က တရုတ်နိုင်ငံသားတွေ ဖြစ်နေတာကိုတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကနေ ၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းလိုက်တဲ့ ကျောက်မျက်ဥပဒေ မှာလည်း အစိုးရ သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ တရားဝင်ဝယ်ယူခွင့်ရှိပါတယ်။ ကျောက်စိမ်းကို တရားမဝင်နည်းလမ်းနဲ့ တင်ပို့ရောင်းချရင် ထောင်ဒဏ် ငါးနှစ်ကနေ ဆယ်နှစ်အထိကျခံနိုင်တယ်လို့ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံသားတွေ ဖားကန့်ထိသွားပြီး ကျောက်စိမ်းဝယ်နေတာတွေဟာ နိုင်ငံအတွက် ဘာအကျိုးမှရှိမှာမဟုတ်ဘူးလို့ ဖားကန့်မြို့နယ်က ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက RFA ကို ပြောပါတယ်။

“ဒီလိုမျိုး တရုတ်နိုင်ငံသားတွေ ကျောက်စိမ်းထွက်ရှိရာဒေသအထိ ဝင်ထွက်သွားနိုင် ခြင်းအားဖြင့် ဘယ်သူတွေနစ်နာလဲဆိုတော့ ဒီနိုင်ငံနဲ့ ကျောက်စိမ်းလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းပြု ရပ်တည်နေတဲ့ နိုင်ငံသားလုပ်ငန်းရှင်တွေ ကျောက် ကုန်သည်တွေပေါ့နော်၊ အများကြီး နစ်နာမှုတွေရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီတရုတ်တွေ ဝယ်သွားတဲ့ ကျောက်တွေဟာ တရားဝင် လမ်းကြောင်းက သွားမှာလည်း မဟုတ်ဘူး၊ မှောင်ခိုလမ်းကြောင်းကနေ တရုတ်ပြည်ကို ရောက်ရှိ သွားမှာဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံအတွက် နိုင်ငံသားတွေအတွက်တော့ ဘာအကျိုးမှ မရှိပါဘူး”

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ဖားကန့်ဒေသကို ဘယ်နိုင်ငံခြားသားကိုမှ ဝင်ထွက်သွားလာခွင့်မပြုသလို ဖမ်းဆီး အရေးယူပြီး ပြည်နှင်တာတွေလည်းလုပ်နေပါတယ်လို့ RFA ကို ပြောပါတယ်။

“ဖားကန့်လိုဟာမျိုးက နိုင်ငံခြားသား ခွင့်မှမပြုတာ။ wechat သုံးတိုင်း ဖားကန့်ကနေ လွှင့်တိုင်း တရုတ်ပုံစံကိုမြင်တိုင်း တရုတ်နိုင်ငံသားလို့ တထစ်ချပြောလို့မရဘူး။ မြန်မာနိုင်ငံထဲက တရုတ်လူမျိုးလည်း ဖြစ်နိုင်တာပဲ။ ဒါက‌တော့ ကျွန်တော်တို့ ရမ်းပြောမယ့်အစား မိတဲ့အချိန်ကျရင်တော့ ကျွန်တော်တို့က စစ်ဆေးတယ်၊ သေချာရင်တော့ ဥပဒေအရဖမ်းတယ်၊ တရားစွဲတယ် ပြီးရင်အရေးယူတယ်။ ပြည်ပြန်နှင်တယ် ဒါတွေက လုပ်နေကျပါ။ တရုတ်မှ မဟုတ်ဘူး ဘယ်နိုင်ငံခြားသားမှ ကျွန်တော်တို့ လက်မခံဘူး၊ တောက်လျှောက် ကျွန်တော်တို့ အရေးယူပါတယ်”

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်းမှာလည်း ဖမ်းဆီးအရေးယူပြီး ပြည်နှင်ဒဏ်ပေးခဲ့တဲ့ တရုတ်နိုင်ငံသားတွေရှိပေမယ့် အရေအတွက်အတိကျကိုတော့ သူ့အနေနဲ့ မသိဘူးလို့ ဦးဝင်းရဲထွန်းက ပြောပါတယ်။

ဖားကန့်က ကျောက်စိမ်းလုပ်ကွက်တွေကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်ကတည်းက ပိတ်ထားပါတယ်။ စစ်ကောင်စီကလည်း ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်တွေ သက်တမ်းတိုးတာ၊ အသစ်ခွင့်ပြုတာတွေ မရှိဘူးလို့ ဦးဝင်းရဲထွန်းက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်တွင်းကျောက်ဈေးကွက် အေးနေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက ကျောက်ဈေးကွက်မှာ ဝယ်လိုအားမြင့်တဲ့ အရည်ကျောက်အမျိုးစားတွေပဲ အဓိက ရောင်းအားသွက်နေတယ်လို့ ကျောက်အရောင်းအဝယ်သမားတွေက ပြောပါတယ်။

အရင်ကကုမ္ပဏီလုပ်ကွက်တွေမှာ ရေမဆေးသမားတွေကို အချိန်နဲ့ ကျောက်ရှာခွင့် မပေးတော့တာကြောင့် ကျောက်ကောင်းမရကြသလို ရေမဆေးသမားတွေဆီကတဆင့် ဝယ်ရောင်းလုပ်ကိုင်နေတဲ့ ဒေသအခေါ် ကောက်ရိုးလောပန်းတွေမှာလည်း အခက်အခဲတွေ ကြုံနေရတယ်လို့ ကျောက်အရောင်းအဝယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

“ရှာရဖွေရတဲ့သူတွေအတွက်လည်း အဆင်မပြေဘူး။ ရောင်းရဝယ်ရတာလည်း အဆင်မပြေဘူး။ ဒီမှာရောင်း၊ ဒီမှာဝယ်ဆိုတာ ဟင်းဖိုးလောက်ပဲ သွားတာပေါ့ဗျာ။ မိသားစု စားဝတ်နေရေး အဆင်မပြေတာ တစ်ခုပေါ့။ မပြေလာနိုင်ဘူး ဒီကျောက် လုပ်ငန်းကျတော့။ အခုက ကျောက်ဈေးကွက်လည်း မရှိတဲ့အခါကျတော့ အရင်တုန်းက ရောင်းရတဲ့ ထိုးဖောက်တွေက ရောင်းလို့မထွက်ဘူးဗျာ။ ကျွန်တော် ပြောချင်တာ။ အရင်တုန်းက ဆိုရင် ရောင်းထွက်ရ အဆင်ပြေတယ်ဗျာ။ အခုက ထိုးဖောက်ဆိုရင် ရောင်းဖို့ခဲယဉ်းသွားတယ်”

ကျောက်စိမ်းမှာ ယေဘုယျအားဖြင့် အရည်ကျောက်၊ အသားကျောက်၊ အထည်ကျောက် ဆိုပြီး ရှိတဲ့အထဲက အသားကျောက်ကို ထိုးဖောက်လို့ ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင် ကျောက်ဝိုင်းအား ၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင် ကျောက်ဝိုင်းအား ၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဖားကန့်မှာရောက်နေတဲ့ တရုတ်နိုင်ငံသား ကျောက်ပွဲစားတွေကလည်း သူတို့နိုင်ငံရဲ့ ကျောက်ဈေးကွက် အခြေအနေကိုလိုက်ပြီး အရည်ကျောက်တွေကိုပဲ အဓိက ဝယ်နေတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ဖားကန့်ဒေသမှာ ဒီနှစ်အစောပိုင်းကစပြီး စစ်ကောင်စီနဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF တွေ စစ်ရေးတင်းမာနေတဲ့အတွက် စစ်ကောင်စီရဲ့ နန့်ယားစစ်ဆေးရေးဂိတ်မှာ ပြည်မကတင်ပို့လာတဲ့ စားသောက်ကုန်၊ ဆန်၊ စက်သုံးဆီတွေကို မကြာခဏ ပိတ်ပင်နေပါတယ်။

ဒါပေမဲ့လည်း စစ်ရေးတင်းမာနေတဲ့ ဖားကန့်ကို တရုတ်နိုင်ငံသားတွေ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနေကြသလို ဖားကန့်က ကျောက်စိမ်းတွေကိုလည်း တရုတ်နိုင်ငံထဲအထိ တရားမဝင်ပို့နေတယ်လို့ ကျောက်လုပ်ငန်းသမားတွေက ပြောပါတယ်။

Global Witness အဖွဲ့ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် ကနေ ၂၀၁၇ ခုနှစ်အတွင်း ကျောက်စိမ်း အပါဝင် အခြားကျောက်မျက်ရတနာ တရားဝင်ရောင်းလို့ရတဲ့ ဝင်ငွေဟာ နှစ်စဉ် အမေရိကန် ဒေါ်လာ ၃၄၆ သန်း ကနေ ၄၁၇ သန်း အထိသာရှိခဲ့ပြီး၊ တရားမဝင်ကုန်သွယ်မှုမှာ နှစ်စဉ် ၁ ဒသမ ရ၃ ဘီလီယံ ကနေ ၂ ဒသမ ၀၇ ဘီလီယံအထိရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။