တရုတ်လက်ဖက်ကြောင့် ရှမ်းမြောက် လက်ဖက်တောင်သူတွေ အထိနာ

RFA Burmese
2023.04.04
တရုတ်လက်ဖက်ကြောင့် ရှမ်းမြောက် လက်ဖက်တောင်သူတွေ အထိနာ နမ့်ဆန်မြို့နယ် လုံတောက်ရွာက လက်ဖက်လုပ်ငန်းခွင်တစ်ခုကို ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်
RFA

နှစ်စဉ် မတ်လနောက်ဆုံးပတ်နဲ့ မိုးမကျမီ မေလဆန်းပိုင်းအထိဟာ ရွှေဖီလက်ဖက် ရာသီချိန်ဖြစ်ပါတယ်။ ဒီကာလအတွင်းရတဲ့ လက်ဖက်ဟာ အရည်သွေးကောင်းပြီး ဈေးကောင်းရပါတယ်။ ဒါကြောင့် နိုင်ငံကျော်လက်ဖက် ထွက်ရှိရာ ရှမ်းပြည်နယ် နမ့်ဆန်ဒေသမှာ အခုဆို လက်ဖက်လုပ်ငန်းကို မြိုင်မြိုင်ဆိုင်ဆိုင် လုပ်ကိုင်နေကြပါပြီ။

ဒါပေမဲ့ ဒီနှစ်တွေအတွင်း လက်ဖက်ဈေးကောင်းမရတော့လို့ လက်ဖက်စိုက်တောင်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

လက်ဖက် ၁၅ ဧကပိုင်ဆိုင်တဲ့ နမ့်ဆန်မြို့နယ် လုံတောက်ရွာသား ကိုအိုက်မောင်ကတော့ လုပ်သားတွေတောင် မငှားနိုင်တော့အတွက် သူ့ခြံထွက်လက်ဖက်ကို ရသလောက်ခူးဆွတ် ရောင်းချနိုင်ဖို့ ကြိုးစားနေရပါတယ်။

“ခြံကျယ်လို့ ကိုယ်လည်း မခူးနိုင်တော့ဘူး။ သူက ဆယ့်ငါးရက်လောက်ပဲ သူက အခုကသူက နုတုန်းပဲ ရှိသေးတယ်။ နောက်ရက်ဆယ်ရက် ကျော်ကျော်ဆို သူကကြီးတာမြန်တယ် ကြမ်းတာလည်း လွယ်တယ်။ ဒါတောင်မှ ရှင်းဖို့တောင် မနိုင်တော့ဘူး။ ဒီအတိုင်းပဲတောထဲမှာ ပစ်ထားလိုက်တာ မနိုင်တော့ဘူး”

ပြီးခဲ့တဲ့နှစ်က လက်ဖက်ခြောက် တစ်ပိဿာကို ၄၇၀၀ ကျပ်ဝန်းကျင်သာရရှိခဲ့သလို လက်ဖက် အစိမ်း တစ်ပိသာကိုလည်း ကျပ် ၁၅၀၀ လောက်သာ ရရှိခဲ့တာပါ။ ဒီနှစ်မှာတော့ လက်ဖက်စိမ်းတစ်ပိဿာ ကျပ် ၁၈၀၀ နဲ့ ၂၅၀၀ ဝန်းကျင်ကြား ရှိနေပါတယ်။

ဒါပေမဲ့ အလုပ်သမားခနဲ့ အခြားကုန်ကျစရိတ်တွေက အရင်နှစ်တွေကထက် နှစ်ဆလောက် တက်လာတာကြောင့် လက်ဖက်စိုက်တောင်သူတွေအတွက် အခက်အခဲတွေ ရှိနေဆဲပဲလို့ မိဘဘိုးဘွားလက်ထက်ကတည်းက လက်ဖက်လုပ်ငန်းနဲ့ ကြီးပြင်းခဲ့တဲ့ နမ့်ဆန်မြို့နယ် အမ်းမလောက်ရွာသူ ဒေါ်အေးရွှေကပြောပါတယ်။

“ဆန်ဈေးကကြီးတယ်။ ဆန်ဈေးက တစ်အိတ်ကို ငါးသောင်း ခြောက်သောင်းလောက် ရှိတယ် လက်ဖက်ဈေးက လေးထောင်ပေါ့နော်။ လေးထောင်ဆို လေးသောင်းပဲရ တယ်လေ။ ဆန်တစ် အိတ်မရဘူး အချိန်တစ်ဆယ်ကို ဆန်တစ်အိတ်မရဘူး အဲလိုမျိုးဆိုတော့ အဆင်မပြေဘူး။ ဆီလည်းဈေးကြီးတယ်နော်။ တစ်ပုံးကို ဆယ်ပိဿာ ကို တစ်သိန်းကျော်တောင်ရှိတယ်။ လက်ဖက် ဈေးမကောင်းလို့ ငါတို့ဆီတောင် မဝယ်နိုင်ဘူး”

ဒီနှစ်မှာ ရာသီဥတု မမှန်တဲ့အတွက် လက်ဖက်အထွက်နည်းတာကြောင့် ပိုပြီး ခက်ခဲကြရတယ်လို့ ဆိုပါတယ်။

လက်ဖက်တွေဟာ တစ်ချိန်က ဈေးကောင်းရခဲ့ပေမယ့် ကျီးပေါင်းရွက်တွေနဲ့ အရည်အသွေး မကောင်းတဲ့ လက်ဖက်တွေကို ရောထည့်တာတွေ များလာတဲ့နောက်ပိုင်း လက်ဖက်ဈေးကွက် ပျက်လာခဲ့ရတာလို့ လက်ဖက်လုပ်ငန်း ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

ဒါကြောင့် ဒေသအခြေစိုက် တအာင်းအမျိုးသားလွတ်မြာက်ရေးအဖွဲ့ TNLA ကလည်း အခုနှစ် ရွှေဖီလက်ဖက်ရာသီမှာ လက်ဖက်ရွက်ကြမ်းတွေနဲ့ ကျီးပေါင်းရွက်တွေကို ဒေသအတွင်း အရောင်းအဝယ်မလုပ်ဖို့ တားမြစ်ထားပါတယ်။

လက်ဖက်ရွက်ကြမ်းဟာ တစ်ပိသာကို ၁၅၀၀ ဝန်းကျင်ဈေးရှိပြီး အချိုခြောက် ကြိတ်ဖတ်အတွက် အဓိက အသုံးပြုကြတာပါ။ ဒါပေမဲ့ ဒီနှစ်မှာ လက်ဖက်ရွက်ကြမ်း ရောင်းဝယ်မှုကို ပိတ်ပင်လိုက်တဲ့အတွက် လာမယ့် နှစ်မှာ လက်ဖက်အချိုခြောက် လုပ်ငန်းသမားတွေနဲ့ ရွက်ကြမ်းရိုက်တဲ့သူတွေ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲလာနိုင်တယ်လို့ နမ့်ဆန်မြို့နယ်အတွင်းက အချိုခြောက်လုပ်ငန်းလုပ်ကိုင် သူတစ်ဦးကပြောပါတယ်။

“သူကဆောင်းတွင်းမှာပဲယူလို့ရတာ လုပ်လို့ရတာ ဒီအရွက်ကြမ်းကို။ လက်ဖက်ရွက်နုကလည်း ဆောင်းတွင်းမှာ အဲအချိန်မှာ စားဝတ်နေရေးအတွက် နည်းနည်းလေး အခက်အခဲဖြစ်တယ်။ သူတို့ဒီဟာ ပိတ်လိုက်တယ်ဆိုရင် တောင်သူတွေအတွက် နည်းနည်းလေး ဒုက္ခရောက်တာပေါ့။ ပိတ်တယ်ဆိုရင်လည်း သူတို့ကြိုတင်ပြီးတော့မှ တစ်နှစ်ဆိုတစ်နှစ် အချိန်လေးပေးပြီးတော့မှ ပိတ်စေချင်တယ်။ တခြားအရွက်တွေ ကျီးပေါင်းတို့တာမာတို့ ဆိုရင်တော့ ပိတ်တာလက်ခံ ပါတယ်။ ကျနော်တို့ ဒီလက်ဖက်လုပ်တာ အနုလုပ်တာဆိုရင်လည်း ဈေးကွက်က ကိုယ်က လက်ဖက်လုပ်လိုက်တယ် ဈေးဖြတ်လို့ မရဘူးဖြစ်နေတယ်။ ကိုယ်က ၃၀၀၀ တောင်းတယ် ဝယ်တဲ့သူက ၂၅၀၀ ပဲပေးနိုင်တယ်။ အဲလိုတွေ အခက်ခဲရှိတာပေါ့ ကျနော်တို့အတွက်က”

TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်တော့ ဒေသတစ်ခုလုံး လက်ဖက်ဈေး ပျမ်းမျှရဖို့နဲ့ ဈေးကောင်းလာဖို့အတွက် သူတို့ ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းသာ ဆောင်ရွက်သွားမယ်လို့ RFA ကိုပြောပါတယ်။

မတ်လနောက်ဆုံးပတ်ကနေ မေလဆန်းအထိ ရွှေဖီလက်ဖက် ရာသီချိန်ပြီးရင်တော့ ဇွန်လနောက်ပိုင်း မိုးရာသီဟာ ခါးကန်လက်ဖက် ရာသီချိန်ဖြစ်ပါတယ်။ မိုးရာသီကုန်ချိန် အောက်တိုဘာ နောက်ဆုံးအပတ်နဲ့ ဒီဇင်ဘာလအထိ နှင်းသက်လက်ဖက်ကို လုပ်ကိုင်ကြတာပါ။ ဇန်နဝါရီလကနေ ရွှေဖီလက်ဖက်ရာသီချိန် မရောက်ခင်အထိ လေးလဝန်းကျင်ကတော့ လက်ဖက်လုပ်ငန်းတွေ နားကြပါတယ်။

"ကိုယ်က ၃၀၀၀ တောင်းတယ် ဝယ်တဲ့သူက ၂၅၀၀ ပဲပေးနိုင်တယ်။ အဲလိုတွေ အခက်ခဲရှိတာပေါ့"

နမ့်ဆန်ဒေသမှာ လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတိုင်းဟာ ခေတ်အဆက်အဆက်ကနေ ဒီနေ့ အထိ မိရိုးဖလာနည်းအတိုင်းပဲ လုပ်ကိုင်ကြတာကများပါတယ်။

အရည်အသွေးကောင်းတဲ့ လက်ဖက်တွေရဖို့ဆိုရင် မိရိုးဖလာ နည်းထက်ပိုတဲ့ နည်းလမ်းတွေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားကြရမှာဖြစ်တယ်လို့ နှစ်ပေါင်းနှစ်ဆယ်ကျော် လက်ဖက်လုပ်ငန်း လုပ်လာသူ ကိုအောင်ဆန်းက ပြောပါတယ်။

“ကျနော်တို့ဒေသကျတော့ အာသံလက်ဖက်တွေပဲ စိုက်ကြတာပေါ့နော့်။ နောက်ပြီး ဒီဒေသရဲ့ လက်ဖက်သဘောအရ စက်ပိုင်းဆိုင်ရာပေါ်မှာလည်း မူတည်တယ်။ ဘာလို့လဲဆိုရင် ခြံတွေ ဝေးတယ်။ ခြံကနေပြီး အိမ်ပြန်လာရတဲ့ ခရီးတွေကလည်း ဝေးတော့ တစ်နိုင်တစ်ပိုင်တွေပဲ လုပ်ကြတယ်။ နောက်ပြီးတော့ ရိုးရာပေါင်းတဲ့ ပုံစံတွေကိုပဲ ပေါင်းကြတော့ ထိုက်သင့်သလောက် မတွင်ဘူးပေါ့”

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ ဒေသအတွင်း လျှပ်စစ်မီးမရှိတာအပြင် နည်းပညာ လိုအပ်ချက်တွေကြောင့်လည်း ဒေသလက်ဖက်တွေ ဈေးကောင်းရဖို့ ခက်ခဲနေတာလို့ ကိုအောင်ဆန်းက ထောက်ပြပါတယ်။

နမ့်ဆန်မြို့နယ် အမ်းမလောက်ရွာက လက်ဖက်ခြံအတွင်း လက်ဖက်ခူးနေသူများကို ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
နမ့်ဆန်မြို့နယ် အမ်းမလောက်ရွာက လက်ဖက်ခြံအတွင်း လက်ဖက်ခူးနေသူများကို ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

နမ့်ဆန်ဒေသဟာ ၂၀၀၅ မတိုင်ခင်အထိ လက်ဖက်လုပ်ငန်းတွေနဲ့ ဝင်ငွေကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၅ ခုနှစ်ကစလို့ ဒီနေ့အထိ တရုတ်နိုင်ငံဘက်က လက်ဖက်ခြောက်၊ အချိုခြောက်တွေ ဈေးပေါပေါနဲ့ ဝင်လာခဲ့ပြီး နောက်ပိုင်း နည်းပညာမဖွံ့ဖြိုးတဲ့ နမ့်ဆန်ဒေသရဲ့ လက်ဖက်လုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေခဲ့တာလို့လည်း လက်ဖက်လုပ်ငန်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါကြောင့် ဒေသထွက် လက်ဖက်တွေဈေးပြန်ကောင်းလာဖို့အတွက် တရုတ်ဘက်က ဈေးပေါပေါနဲ့ တင်သွင်းနေတဲ့ လက်ဖက်တွေကို တားမြစ်ဖို့လိုတယ်လို့ နမ့်ဆန်ဒေသ လက်ဖက်စိုက်ပျိုးသူများအသင်းဗဟိုရဲ့ အထွေအထွေအတွင်းရေးမှူး ဦးသိန်းထွေး ကပြောပါတယ်။

“မြန်မာပြည်မှာဆိုရင် တစ်နှစ်ကို လက်ဖက်တန်ချိန် တစ်သောင်းခွဲ နှစ်သောင်းလောက် စားသုံးတာလေ။ ဒါအခြေခံ တွက်ချက်မှုအရပြောတာ။ ဒီထက်ပိုရင်လည်းပိုနိုင်တယ်၊ နည်းရင်လည်း နည်းနိုင်တယ်။ ဆိုတော့ မြန်မာပြည်မှာ တရုတ်ပြည်လက်ဖက် ဝင်ရောက်မှုတားမြစ်ဖို့တော့လိုတယ်။ ဒါမှ ပြည်တွင်းမှာထွက်တဲ့ လက်ဖက်တွေက ပြန်ပြီးလည်ပတ်နိုင်မှာ။ လက်ဖက်က မလောက်ဘူး။ ဒါကိုတားဆီးနိုင်ရင် လက်ဖက် ဈေးကောင်းလာနိုင်တယ်။ ဒါကတိုက်ရိုက် အချိုးကျတယ်လို့မြင်တယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီ ရှမ်းပြည်နယ်ပြောခွင့်ရ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ဖက်စိုက်ဧက နှစ်သိန်းခွဲဝန်းကျင်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လက်ဖက်စိုက်ပျိုးမှု အများဆုံး ဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်း စားသုံးနေတဲ့ လက်ဖက်ထုတ်ကုန် ၇၅ ရာခိုင်နှုန်းဟာ ရှမ်းပြည်မြောက်ပိုင်းက ဖြစ်ပေမယ့် လက်တွေ့မှာတော့ လက်ဖက်ဈေးကောင်းမရတဲ့ လက်ဖက်စိုက်တောင်သူတွေရဲ့ လူမှုစီးပွားဘဝတွေကတော့ နိမ့်ကျနေရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။