တရုတ်အထည်ချုပ်စက်ရုံနှစ်ရုံ အပြီးပိတ်သိမ်း၊ အလုပ်သမား ၂၅၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်
2023.03.07

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Guo Tai Garment Industrial Park အထည်ချုပ်စက်ရုံနဲ့ GY Sen အထည်ချုပ်စက်ရုံနှစ်ရုံဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အပြီးသတ် ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ၂၅၀၀ နီးပါး အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။
အဲဒီစက်ရုံနှစ်ရုံဟာ အိုင်ယာလန်နိုင်ငံအခြေစိုက် Primark အမှတ်တံဆိပ် အဝတ်အထည်တွေကို ချုပ်လုပ်တာ ဖြစ်ပါတယ်။
စက်ရုံတွေဘက်ကတော့ အခုလို ပိတ်သိမ်းတာဟာ မတ်လအကုန်မှာ Primark ကုမ္ပဏီ မြန်မာနိုင်ငံနေ အပြီးသတ် ထွက်ခွာမှာဖြစ်ပြီး အမှာစာ (အော်ဒါ) မရှိတော့တာကြောင့်လို့ ဆိုပါတယ်။
"အလုပ်သမား အခွင့်အရေးကို ချိုးဖောက်တာက လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ"
GY Sen စက်ရုံက အော်ဒါအသစ်တွေရလို့ စက်ရုံပြန်ဖွင့်ရင် အလုပ်ပြုတ်သွားသူတွေကို ဦးစားပေးခေါ်ယူမယ်လို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပေမယ့် GTIG စက်ရုံကတော့ ငြင်းဆန်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
GTIG အနေနဲ့ စက်ရုံပြန်ဖွင့်ရင် အလုပ်သမားတွေကို ပြန်ခန့်ထားရေး စာချုပ်ချုပ်ဆိုပေးဖို့ အလုပ်သမားတွေက တောင်းဆိုခဲ့ပေမယ့် စက်ရုံဘက်က ငြင်းဆန်ခဲ့တာလို့ GTIG စက်ရုံအလုပ်သမား ကိုဇော်ထိုက်က ပြောပါတယ်။
“စက်ရုံကပြန်ဖွင့်ဖြစ်ခဲ့ရင် ကျနော်တို့ ဒီအလုပ်သမားတွေကို ဦးစားပေးပြန်ခေါ်ပေးဖို့ ဆိုတဲ့အခါမှာ စက်ရုံက ဒါကို ခါးခါးသီးသီးငြင်းတယ်။ ကျနော်တို့ကပြောတာ သမဂ္ဂကိုဖြိုခွဲတာမဟုတ်ဘူး ရိုးသားတယ်၊ ရိုးရိုးသားသား ပိတ်တယ်ဆိုရင် ဒါကို ပြန်ပြီးတော့ အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ စာချုပ်ချုပ်ပေးရမှာပေါ့။ Brand ကို ပြန်တင်ပြတဲ့ အခါမှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ အဲဒီအပေါ်မှာ သူတို့ကလည်း ခေါင်းရှောင်သွားတယ်”
၂၀၁၇ ခုနှစ်ကတည်းက အလုပ်သမား ၁၃၀၀ နီးပါးနဲ့ စတင်ဖွင့်လှစ်ခဲ့တဲ့ GTIG စက်ရုံဟာ မတ်လထဲမှာ လက်ကျန်အော်ဒါတွေကို နေ့စားအလုပ်သမား ၄၀၀ ကျော်နဲ့ ဆက်ချုပ်နေ တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
GTIG စက်ရုံမန်နေဂျာ ဒေါ်ဥမ္မာမိုးကတော့ ထုတ်ပိုးရမယ့်အပိုင်းတွေ ကျန်နေလို့ နေ့စားအနေနဲ့ ခေါ်ယူထားတာဖြစ်ပြီး အလုပ်ပြုတ်သွားသူတွေအတွက် လျော်ကြေးကို လည်း ဥပဒေထက်ကျော်လွန်ပြီး အချိန်ပိုလုပ်အားခပါ ပေါင်းထည့်ပေးထားတယ်လို့ RFA ကို ပြောပါတယ်။
“Finishing ပိုင်းတို့ Packing ပိုင်းတို့မှာဆိုလည်း ကျမတို့က လိုအပ်တဲ့လူလောက်ကိုပဲ နေ့စားနဲ့ပြန်ပြီး သုံးထားတာပေါ့။ ဒါပေမဲ့ ကလေးတွေကို ကျမတို့ အစိုးရဥပဒေထက် တောင် ကျော်လွန်ပြီး ပေးခဲ့တယ်။ အရင်ဥပဒေအတိုင်း နစ်နာကြေးဆိုရင် ကျမတို့က OT မပါ ဟာကို ပေးရမှာလေ။ ဒါပေမဲ့ OT ကြေးတွေပါထည့်ပြီး လုပ်သက်လိုက်၊ နှစ်အလိုက် ကျမတို့ ပေးသွားတာဆိုတော့လေ တချို့ဆို ကျမထင်တယ် သုံးသိန်းကျော်၊ နှစ်သိန်းခြောက်သောင်းကျော်လောက်တောင် တစ်ယောက်ကို ပိုရတာတွေရှိတာ ပေါ့နော်”
စက်ရုံအနေနဲ့ မပိတ်သိမ်းရအောင် အော်ဒါတွေထပ်ရှာပေမယ့် လုံးဝမရတော့လို့ ပိတ်သိမ်းရတာဖြစ်ပြီး အစိုးရရဲ့ ပိတ်သိမ်းခွင့် မကျသေးတာကြောင့် ဒီတစ်လအတွင်း လုပ်ငန်းကိုအပြီးသတ်မှာလို့ ဒေါ်ဥမ္မာမိုးက ပြောပါတယ်။
စက်ရုံပိတ်သိမ်းရင် သက်ဆိုင်ရာဦးစီးဌာနကို ရက်ပေါင်း ၃၀ ကြိုတင်အကြောင်းကြား စာတင်ရမှာဖြစ်သလို အရေးပေါ်အခြေအနေဆိုရင်တော့ ၁၅ ရက် ကြိုတင်အကြောင်း ကြားရမယ်လို့ ဥပဒေမှာ သတ်မှတ်ထားပါတယ်။
အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ အဲဒီစက်ရုံနှစ်ရုံဟာ နစ်နာကြေး ပေးခဲ့ပေမယ့် စက်ရုံပိတ်သိမ်းမယ်ဆိုတာကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန ကိုရော၊ အလုပ်သမားတွေကိုပါ ကြိုတင်အကြောင်းမကြားခဲ့ဘူးလို့ ပြောပါတယ်။
လျော်ကြေးရပေမယ့် အလုပ်မရှိတဲ့ကာလအတွက် အထောက်ပံ့မဖြစ်နိုင်သလို နောက်အလုပ်ရှာဖို့ အခက်အခဲတွေရှိနိုင်တယ်လို့ GTIG စက်ရုံ အထည်ချုပ်အလုပ်သမား ကိုသက်ပိုင်ထွန်းက ပြောပါတယ်။
“ကျနော်တို့ အသက်က ငယ်တယ်ဆိုပေမယ့် နောက်စက်ရုံတွေမှာ အလုပ်လျှောက်ဖို့ ဆိုတာ ယောကျာ်းလေးတွေအများစုအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခက်အခဲ ကတော့ တော်တော်လေးဖြစ်တယ်ဗျ။ အခုရတဲ့လျော်ကြေးပမာဏက ကျနော်တို့ အလုပ်မရတဲ့အချိန်အတောအတွင်းမှာ ရတဲ့ပမာဏက ဘယ်လိုမှ ထောက်ပံ့မပေးနိုင်ဘူး။ကျနော်တို့ အလုပ်က ချက်ချင်းမရနိုင်တဲ့အတွက်ကြောင့် နောက်ထပ်ဘယ်လောက်ထိ ကြာမလဲဆိုတာ မပြောတတ်ဘူးပေါ့။ ဒီပမာဏက ဘယ်လိုမှ အဆင်မနေဘူးပေါ့ဗျာ”
GY Sen စက်ရုံကတော့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတည်းက ချုပ်စရာအထည်မရှိတော့လို့ အလုပ်သမားတွေကို လစာရဲ့ ၇၅ ရာခိုင်းနှုန်းပေးပြီး ရပ်နားထားတာပါ။
ဒါပေမဲ့ ဖေဖော်ဝါရီလကုန်မှာတော့ တစ်လစာလျော်ကြေးအပြင် လုပ်သက်နှစ်အလိုက် လျော်ကြေးပါပေးပြီး အပြီးသတ် ပိတ်သိမ်းလိုက်တာလို့ GY Sen စက်ရုံ အထည်ချုပ်အလုပ်သမား ဒေါ်ခင်ဌေးက RFA ကို ပြောပါတယ်။
“၂၂ ရက်နေ့ကခေါ်တော့ သွားတော့ ပြောမယ်ဆို ဘယ်လောက်နဲ့ ပိတ်သိမ်းပါတယ်။ ညာလောက်နဲ့ ပိတ်သိမ်းပါတယ်လို့တော့ မပြောဘူးပေါ့။ စူပါက မီတင်ခေါ်ပြီးတော့ ပြောတာ။ ခေါ်တော့ ဘာပြောလဲဆိုတော့ ဒီ ၄၈၀၀ နှုန်းနဲ့ပေါ့။ အဲဒါမျိုးနဲ့ ပေးမယ်ပေါ့။ နို့တစ်ကြေးနဲ့ပေါ့နော်။ အဲလိုပေးမယ်ဆိုတဲ့အကြောင်းကို မီတင်လုပ်တယ်။ လက်မှတ် လည်း ထိုးပေးထားခဲ့ရတယ်။ ဘာလက်မှတ်လဲဆိုတော့ စက်ရုံပိတ်သိမ်းကြောင်း သိရှိကြောင်းပေါ့နော်”
GY Sen စက်ရုံကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမား ၁၂၀၀ နီးပါးနဲ့ လည်ပတ်နေတာလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
အမှတ်တံဆိပ် Brand ကုမ္ပဏီတွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာရင် အလုပ်သမားတွေရဲ့ အခွင့်အရေးကိုလည်း လေးစားလိုက်နာရမယ်လို့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (STUM) ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးအေးက RFA ကို ပြောပါတယ်။
“နိုင်ငံတကာမျက်နှာစာမှာလည်း နာမည်ကောင်းတွေယူနေတဲ့ brand တွေရှိတယ်။ လူရှေ့သူရှေ့မှာဆိုရင်တော့ လူကောင်းသူကောင်းပေါ့။ ဒီမိုကရေစီအရေးကို သိပ်ပြီးတော့ ထောက်ခံနေတယ်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာပါတယ်ဆိုတဲ့ ပုံစံတွေပြပြီး တစ်ဖက်မှာကျတော့ အလုပ်သမားတွေကို ခြေနဲ့နင်းထားတာတွေ၊ အလုပ်သမားအခွင့်အရေးကို ချိုးဖောက်တာတွေ ဒါမျိုးတွေကို ကျမတို့က လက်မခံနိုင်ဘူး။ အလုပ်သမား အခွင့်အရေးကို ချိုးဖောက်တာက လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ။ ဘာဖြစ်လို့ညာဖြစ်လို့ ကြီးကြီးကျယ်ကျယ်ပြောပြီး ပိတ်သိမ်းသွားပြီး ဒီမှာကျ အလုပ်သမားတွေ တကယ်လိုအပ်တဲ့ အချက်အလက်တွေ မလုပ်ခဲ့တာမျိုး ဆိုရင်တော့ ကျမတို့က ဝေဖန်ထောက်ပြ ပြောဆိုရမှာပေါ့”
စီးပွားရေးပိတ်ဆို့ရာမှာလည်း အဓိကကအရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုသာ ဦးစားပေးလုပ်သင့်ပြီး အထည်ချုပ်လုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေကို ထွက်ခွာဖို့တိုက်တွန်းတာဟာ အလုပ်သမား များစွာအတွက် အခက်အခဲဖြစ်စေတယ်လို့ ဒေါ်မျိုးမျိုးအေးက ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ ၂ဝ၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး အညွှန်းကိန်းမှာ မြန်မာနိုင်ငံကို အလုပ်သမားအခွင့်အရေးချိုးဖောက်တဲ့ ကမ္ဘာ့အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။
မြို့နယ်ရှစ်မြို့နယ်က လူပေါင်း ၃၀၀၀ ကျော်ကို မေးမြန်းထားတဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီစဉ် (UNDP) ရန်ကုန်ရုံးခွဲရဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အစီရင်ခံစာမှာလည်း ရွှေပြည်သာနဲ့ လှိုင်သာယာအပါအဝင် ရန်ကုန် ဆင်ခြေဖုံး ရှစ်မြို့နယ်က လူဦးရေ လေးပုံတစ်ပုံဟာ ၂၀၂၂ ခုနှစ်အတွင်း လုပ်ခဝင်ငွေမရှိဘဲ ခက်ခက်ခဲခဲ ရပ်တည် ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကတော့ အလုပ်သမား သမဂ္ဂနဲ့ အလုပ်သမားအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ တရားမဝင်အသင်းအဖွဲ့တွေအဖြစ် ကြေညာထားပါတယ်။