တရုတ်လုပ်ရွှေဆိုင်းတွေကြောင့် မန္တလေးက ရိုးရာလုပ်ငန်းတွေအခက်တွေ့

RFA Burmese
2023.06.30
တရုတ်လုပ်ရွှေဆိုင်းတွေကြောင့် မန္တလေးက ရိုးရာလုပ်ငန်းတွေအခက်တွေ့ မြန်မာ့ရိုးရာ လက်မှုပညာဖြင့် ပြုလုပ်ထားသည့် ရွှေဆိုင်းများကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
RFA

ပဒေသရာဇ်ခေတ်ကတည်းက မန္တလေးမှာရှိခဲ့တဲ့ မြန်မာ့ရိုးရာရွှေဆိုင်းလုပ်ငန်းတွေဟာ အခုနှစ်တွေမှာတော့ တရုတ်ကလုပ်ပြီး တင်သွင်းလာတဲ့ ရွှေဆိုင်းတွေကြောင့် စျေးကွက်မှာ ထိခိုက်နစ်နာသလို၊ ဥပဒေနဲ့ထိန်းချုပ်ကွပ်ကဲမှုမရှိရင် ရွှေဆိုင်းခတ်တဲ့ပညာနဲ့ လုပ်ငန်းတွေ ပျောက်ကွယ်သွားတော့မယ်လို့ ပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

ဘုရားဆင်းတုတော်တွေ၊ စေတီပုထိုးတွေကို ရွှေချမှ သပ္ပာယ်တယ်ဆိုတဲ့ ဗုဒ္ဓဘာသာ မြန်မာတွေရဲ့ ကိုးကွယ်ယုံကြည်မှုအရ ရွှေပြားခတ်ပြီး ရွှေသင်္ကန်းကပ်တာဟာ နိုင်ငံအနှံ့မှာ ထွန်းကားခဲ့တာပါ။ အဲဒီရွှေဆိုင်းအများစုဟာ မြန်မာ့ရိုးရာ လက်မှုစစ်စစ်တွေဖြစ်ပြီး မန္တလေးမြို့ မျက်ပါးရပ်ကနေ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိပေးနေတာဖြစ်ပါတယ်။

အခုတော့ မြန်မာနိုင်ငံအနှံ့ အထင်ကရ တန်ခိုးကြီးဘုရားတချို့ အပါအဝင် ဆင်းတုတော် ရုပ်ပွားတွေမှာ ရွှေချဖို့ တရုတ်ပြည်ကနေဝင်လာတဲ့ ရွှေအရည်အသွေးညံ့ဖျင်းတဲ့ စက်လုပ်ရွှေဆိုင်းတွေက အလုံးအရင်းနဲ့ စျေးကွက်မှာ နေရာယူလာကြပါတယ်။

ဒါကြောင့် မြန်မာ့ရိုးရာလက်မှုပညာဖြစ်တဲ့ ရွှေပြားခတ်ပြီး ရွှေဆိုင်းလုပ်တဲ့ လုပ်ငန်းတွေ ပပျောက်သွားမှာ စိုးရိမ်နေရပြီလို့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဦးဇော်မင်းအောင်က ပြောပါတယ်။

"အခုနောက်ပိုင်းခေတ်မှာ စက်ရွှေတွေ ဝင်လာတယ်၊ စက်ရွှေဝင်လာတော့ အရည်အသွေးလည်းနိမ့် တန်ဖိုးလည်းနည်းတဲ့ စက်ရွှေကို အသုံးပြုမှု များလာတဲ့အတွက် မျက်ပါးရွှေဆိုင်းလုပ်ငန်း ထက်ဝက်လောက်က အဲဒီမှာ မျက်ပါးရွှေဆိုင်းဆိုတာကလည်း ရွှေဆိုင်းလုပ်ငန်းဆိုပေမယ့် ပန်းတိမ်ထဲမှာပါတဲ့ လက်ခစားလုပ်ငန်းဖြစ်တဲ့အတွက် သူဌေးတွေမဟုတ်ဘူး၊ လုပ်ငန်းရှင်ကြီးတွေမဟုတ်ဘူး၊ ရိုးရာယဉ်ကျေးမှုလုပ်ငန်း လုပ်နေတဲ့အတွက် ရေရှည်မှာတောင့်မခံနိုင်ဘူး၊ ကိုဗစ်ကာလကလည်း ကြားခံသွားတဲ့ အတွက်၊ စက်ရွှေကလည်း နေရာယူလာတာများတဲ့အတွက် ကျွန်တော်တို့လုပ်ငန်းက ပြောရမယ်ဆိုရင် အရည်သွေးကောင်းမွန်တယ်၊ တန်ဖိုးတော့ကြီးတယ်၊ ဒါပေမဲ့ ရိုးရာလက်မှုလုပ်ငန်းကို အားပေးမှုနည်းတဲ့အတွက် ကျွန်တော်တို့ လုပ်ငန်းတွေ ထက်ဝက်လောက် ရပ်ဆိုင်းခဲ့ရတယ်ပေါ့။ အခု ရိုးရာယဉ်ကျေးမှုလုပ်ငန်းက ပျက်သုဉ်းဖို့၊ ပျောက်ဆုံးဖို့ အန္တရာယ်နီးကပ်နေတယ်"

အလွန်ပါးလွှာတဲ့ ရွှေအလွှာလေးတွေပြုလုပ်တာကို ရွှေမျက်ပါး၊ ရွှေဆိုင်းခတ်တာလို့ ခေါ်ကြပါတယ်။ အဲဒီလို ရွှေမျက်ပါး၊ ရွှေဆိုင်းလေးတွေဖြစ်အောင် လူအင်အားနဲ့ အဆင့် ၁၂ ဆင့်လောက်အထိ တစ်ဆက်တည်း မနားတမ်း အဆင့်ဆင့်ထုခတ်ကြရတာလို့ သူကပြောပါတယ်။

"ရွှေတုံး ရွှေခဲကနေမှ ရွှေဆိုင်းလေးဖြစ်လာအောင် ရွှေတုံးရွှေခဲကို မီးဖုတ်တယ်၊ တူထုတဲ့ အဆင့်ကနေ နန်းဆွဲလို့ရတဲ့ အဆင့်ထိရောက်အောင် လုပ်ရတယ်၊ ဒါက ပြန်ပြီးတော့မှ နူးနှပ်တာပေါ့ သုံးဆင့်လောက်ရှိမယ်။ အဲဒါကို အမျိုးသမီးတွေဆီ ပြန်ပို့တယ်၊ အမျိုးသမီးတွေက လိုအပ်တဲ့ ဆိုဒ်အရွယ်စားကိုက်ပြီးတော့ လုပ်ရတယ်။ ထုတဲ့သူဆီ ပြန်ပို့လိုက်၊ ကပ်တဲ့သူဆီ ပြန်ပို့လိုက်နဲ့ အဆင့်ပေါင်း ၁၂ ဆင့်လောက် အထိရှိတယ်။ အဲဒီလို ခက်ခက်ခဲခဲလုပ်ပြီးတော့မှ သဒ္ဓါပေါက်တဲ့သူတွေ လှူဒါန်းတဲ့သူတွေ ရွှေနှစ်လက်မပတ်လည် ဖြစ်ဖြစ်၊ တစ်လက်မခွဲ ဖြစ်ဖြစ် ပိုက်ဆံလေးတစ်ထောင် နှစ်ထောင်လောက်နဲ့ လွယ်လွယ်ကူကူ ဝယ်ပြီးကပ်လို့ရအောင် လုပ်ခဲ့ရတာက အဆင့်က မနည်းဘူး"

ရွှေဆိုင်းကို ဘာသာရေးအရ ရွှေသင်္ကန်းကပ်တဲ့ နေရာတစ်ခုတည်းမှာပဲ သုံးတာမျိုး မဟုတ်ပါဘူး။ တိုင်းရင်းဆေးတွေ၊ အလှပြင်တဲ့နေရာတွေမှာလည်း အသုံးပြုကြတယ်လို့ ရွှေဆိုင်းလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဒေါ်ကေခိုင်က ပြောပါတယ်။

"မြန်မာဆေးဖော်တဲ့အခါမှာ ရွှေကိုထည့်ပြီး အသုံးပြုကြသလို အလှအပကျတော့ မျက်နှာရွှေသွင်းတာတို့ အသုံးပြုပါတယ်၊ ယောက်ျားလေး၊ မိန်းကလေး အားလုံး"

ရွှေဆိုင်းလုပ်ငန်းဟာ ကာယလုပ်အားစိုက်ရသလို၊ စနစ်တကျအချိန်ပေးပြီး ပညာသားပါပါ လုပ်ရတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ ရိုးရာလုပ်ငန်း ဖြစ်တာကြောင့် ရှေးဟောင်း လူကြီးတွေ ကျင့်သုံးခဲ့တဲ့အတိုင်း ရှေးမူမပျက်လုပ်ဖို့လည်း လိုတယ်လို့ဆိုပါတယ်။ အဲဒါကတော့ ရွှေဆိုင်းခတ်မယ့်နေ့မှာ ရှေးခေတ်ပညာရှင်တွေကို ပွဲပေးတာ၊ ရွှေပြားခတ်၊ ရွှေဆိုင်းထုလုပ်တဲ့နေရာမှာ ဖိနပ်စီးပြီး မလုပ်ကြတာ၊ အမျိုးသမီးတွေ ရွှေဆိုင်းခတ်တဲ့ စည်းထဲဝင်ပြီး မလုပ်ကြတာပါ။

မန္တလေးမြို့၊ မျက်ပါးရပ်ရှိ မြန်မာ့ရိုးရာ လက်မှုပညာ ရွှေဆိုင်းလုပ်ငန်းခွင်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မန္တလေးမြို့၊ မျက်ပါးရပ်ရှိ မြန်မာ့ရိုးရာ လက်မှုပညာ ရွှေဆိုင်းလုပ်ငန်းခွင်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရွှေပြားခတ်၊ ရွှေဆိုင်းလုပ်ငန်းဟာ နွေနဲ့ဆောင်းမှာ လုပ်ငန်းတွင်ကျယ်ပြီး၊ မိုးတွင်းမှာတော့ အလုပ်ပါးတယ်လို့ ရွှေခတ်ဆရာတစ်ယောက်ဖြစ်တဲ့ ဦးမြတ်က ပြောပါတယ်။

"မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ လုပ်နေတာပါ၊ ဒီအလုပ်က ထမင်းလည်းဝ ကုသိုလ်လည်းရဆိုတဲ့ သဘောမျိုးပေါ့၊ ချမ်းသာအောင်ထိတော့ ဒီအလုပ်က ဖြစ်မလာဘူးပေါ့။ ဒါပေမဲ့ စားဝတ်နေရေးလောက်တော့ အဆင်ပြေပါတယ်၊ ဆောင်းတွင်းပိုင်းမှာ မိုးလေကင်းစင်တဲ့ ရာသီဆိုတော့ တော်တော်များများ ခတ်ရပါတယ်။ အခုလို မိုးတွင်းမှာဆိုရင် ပြင်ပစေတီတော်တွေက ရွှေချတာနည်းတော့ မိုးတွင်းက ပါးပါတယ်။ ဆောင်းရာသီ၊ နွေရာသီပိုင်းဆိုရင် စေတီတော်တွေ ပြင်ပရွှေချတာများတော့ ရွှေခတ်တဲ့အလုပ် ပိုပြီးတော့လုပ်ရပါတယ်"

တရုတ်ကလာတဲ့ စက်လုပ်ရွှေတွေက ကြာလာရင် အရောင်ပြောင်းပြီး မည်းသွားတတ်ပါတယ်။ လက်မှုရိုးရာနည်းနဲ့ ခတ်ထားတဲ့ရွှေဆိုင်းက ရွှေအရည်သွေးကောင်းပြီး အရောင်မပြောင်းဘူးလို့ မျက်ပါးရပ် ရွှေဆိုင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။

"မြန်မာ့ရိုးရာရွှေဆိုင်း လုပ်ငန်းဟာ လုပ်ငန်းရှင်ကြီးတွေ မဟုတ်တဲ့အတွက် တောင့်မခံနိုင်ဘူး"

ဒါကြောင့် မြန်မာ့ရိုးရာ ရွှေဆိုင်းခတ်လုပ်ငန်း ရေရှည်တည်မြဲအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဥပဒေတစ်ခု ပြဋ္ဌာန်းပေးသင့်တယ်လို့ ရွှေဆိုင်းလုပ်ငန်းရှင်တွက အကြံပြုတဲ့အကြောင်း ဦးဇော်မင်းအောင်က ပြောပါတယ်။

"ဒီလုပ်ငန်းကို ရေရှည်ရပ်တည်နိုင်ဖို့အတွက်ဆိုရင် ဘယ်သူတွေက ကူညီပေးရမလဲ၊ စွမ်းဆောင်ပေးရမလဲ၊ ကျွန်တော်တို့လို ဒီလုပ်ငန်းကိုချစ်မြတ်ပြီးတော့မှ ဒီလုပ်ငန်းကို မိရိုးဖလာလုပ်တဲ့သူတွေက ဒီလုပ်ငန်းကို လူအများသိအောင် ပြောရမယ်ဆိုရင် နိုင်ငံတော်အကြီးအကဲတွေ သိအောင်ချပြနိုင်ရမယ်၊ ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့သူကတော့ သာသနာရေးဝန်ကြီးရှိမယ်၊ စေတီပုထိုးက ဂေါပကတွေ ရှိမယ်၊ ဒီလူတွေက ရိုးရာယဉ်ကျေးမှုလုပ်ငန်းကို အားပေးမှ ကူညီမှ ဆောင်ရွက်ပေးမှ၊ အားပေးမယ်၊ ဆောင်ရွက်ပေးမယ်ဆိုရင်လည်း ရေရှည်မှရမယ်၊ ရေတိုတော့မရဘူး"

ရွှေဆိုင်းလုပ်ငန်းဟာ ပုဂံခေတ်ကတည်း စတင်ခဲ့တာကြောင့် နှစ်ပေါင်းထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ရွှေဆိုင်းသုံးကြတဲ့သူအများစုက ဘာသာရေး၊ အသုံးဆောင် ပရိဘောဂတွေနဲ့ ဆက်စပ်နေတဲ့အတွက် ပြောင်းလဲလာတဲ့ ကုန်စျေးနှုန်းတွေ၊ နည်းပညာတွေကြောင့် မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းအများစုဟာ တဖြည်းဖြည်းတိမ်ကော ပပျောက်လာရတာလို့လည်း ယဉ်ကျေးမှုအမွေအနှစ် လေ့လာနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့ ရွှေဆိုင်း၊ ရွှေချလုပ်ငန်းပေါင်း ၉၉ ရာခိုင်နှုန်းဟာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မျက်ပါးရပ်ထဲမှာပဲ ရှိကြပါတယ်။ အခုလက်ရှိအချိန်မှာလည်း ရွှေဆိုင်းခတ်လုပ်ငန်းတံဆိပ် နာမည်ခံထားတဲ့သူ နှစ်ရာဝန်းကျင်လောက်ရှိပေမယ့် မျက်ပါးရပ်ထဲမှာ အလုပ်လုပ်နေတဲ့ ရွှေဆိုင်းခတ်လုပ်ငန်း အရေအတွက်က ၇၀ လောက်ပဲရှိပါတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။