ချင်းပြည်နယ်က လေထန်ကုန်းနဲ့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု

ဆလိုင်းကေတီဟောက်ခိုင်
2020.12.18

ချင်းပြည်နယ်(မြောက်ပိုင်း)မှာ လေထန်ကုန်းလို့ လူသိများတဲ့ ထန်မွောန်တောင်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ အလှပျက်စီးသွားမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

"အခု ကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ ကလေး - တီးတိန် သွားတဲ့ ကားလမ်းဘေးမှာရှိတဲ့ ထန်မွောန်တောင်ဖြစ်ပါတယ်။ ကနေဒီတောင် မရောက်ခင်မှာ ရှိတဲ့ တောင်ဖြစ်ပါတယ်။ အခု နောက်မှာ မြင်တွေ့နေရတာကကျတော့ ဒီ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ အပန်းဖြေတာဖြစ်ဖြစ်၊ အလှဓာတ်ပုံရိုက်ဖို့ပဲဖြစ်ဖြစ် လာရောက်ကြပြီးတော့ သူတို့ စွန့်ပစ်ထားတဲ့ နှာခေါင်းစည်းတွေ၊ သူတို့ ပစ်ထားတဲ့ ပလတ်စတစ်တွေ ပြီးရင် ဘီယာပုလင်းခွံတွေ တော်တော်များများနေရာတွေမှာ တွေ့မြင်နေရပါတယ်။"

ချင်းပြည်နယ်မြောက်ပိုင်း ကလေး - တီးတိန် ကားလမ်းဘေး၊ ကနေဒီတောင်တန်း မရောက်ခင်မှာ လေထန်ကုန်းလို့ လူသိများတဲ့ ThaangMual တောင်တန်းရှိပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်က ဗြိတိသျှတို့ တပ်စခန်းချခဲ့နေရာလည်း ဖြစ်တဲ့ အဲဒီနေရာကို Forte White လို့လည်း ခေါ်ကြပါတယ်။

လက်ရှိမှာ ကိုဗစ်ကပ်ဘေးကာလ ဖြစ်ပေမယ့် ထန်မွောန်တောင်ကို တီးတိန်မြို့က လာသူ အများအပြားရှိသလို စစ်ကိုင်းတိုင်းထဲ ကလေးမြို့ဘက်က လာရောက်လည်ပတ်သူတွေ လျော့မသွားပါဘူး။

အဲဒီတောင်ကို လာရောက်အပန်းဖြေသူတွေ အမြဲတမ်းရှိသလို သူတို့ အမှိုက် စည်းကမ်းမဲ့ စွန့်ပစ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“ကျွန်တော်တို့ ဒီမှာကျတော့ လူမျိုးပေါင်းစုံ လာတယ်။ တောရွာကနေလာတဲ့လူ ရှိတယ်။ မြို့ထဲကနေ လာတဲ့လူလည်း ရှိတယ်။ အဲဒါကြောင့် ဒီတိုင်းပြောပြီး ပညာပေး လုပ်ဆောင်တာနဲ့တော့ အဆင်မပြေဘူး။ လာတဲ့လူတိုင်းမှာ အမှိုက်တွေကို ဘယ်နေရာပဲ သွားသွား အမှိုက်တွေကို ဒီတိုင်း ပစ်မထားဘဲနဲ့ စနစ်တကျ ထိန်းသိမ်းဖို့ အမှိုက်ပုံးတွေလည်း နေရာတိုင်းမှာ ထားဖို့ အစီအစဉ်ရှိတယ်။ အခုလက်ရှိ အမှိုက်ပုံးရှိတဲ့နေရာတွေမှာ ပစ်ဖို့ အထူးတောင်းပန်ချင်တယ်”

အများအားဖြင့် ထန်မွောန်တောင်ကို စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ လူငယ်တွေစုပြီး ဓာတ်ပုံတွေ လာရိုက်ကြတာ၊ မိသားစုလိုက်လာပြီး အပန်းဖြေကြတာ များပါတယ်။ ပလတ်စတစ် အသုံးများလာတဲ့ ဒီနေ့ခေတ်မှာ စွန့်ပစ်ပစ္စည်းကို စည်းကမ်းတကျ စွန့်ပစ်ကြဖို့ စည်းရုံး တိုက်တွန်းသူတချို့လည်း ရှိပါတယ်။

“ကျွန်တော်လာတာတော့ ကလေးမြို့ကနေ လာတာပါ။ ရုံးပိတ်ရက် ဆိုတော့ ရုံးအဖွဲ့သားတွေနဲ့ ဒီကလေထန်ကုန်းဆိုတာ နာမည်ကြီးပဲလေနော်။ ကျွန်တော်တို့ ဘယ်လိုလဲဆိုတာ လာကြည့်ရင်း အပန်းဖြေတာပေါ့။ ချင်းတောင်ရဲ့ အငွေ့အသက်တွေရယ်၊ ပြီးတော့ ဒီနေရာကလေ အရမ်းအေးတယ်၊ ဆိုတာ တကယ် လက်တွေ့ကျမှပဲ တကယ်သိရတာ။ အေးလည်း အေးတယ်။ တကယ်ကို စိတ်ချမ်းသာစရာ ကောင်းတယ်။ ကျွန်တော်တို့ ထိုင်ကြတယ်။ စားကြတယ်။ ကျွန်တော်တို့ အကြီးအကဲတစ်ယောက် ပါတယ်လေ အကုန်လုံး သိမ်းရမယ်တဲ့။ စွန့်ပစ်ပစ္စည်း ပလတ်စတစ် ဆိုတာ နှစ်ပေါင်းများစွာ အန္တရာယ်ပေးတယ်လေ။ ကမ္ဘာကြီးကို ဒုက္ခပေးတယ်လေနော်။ သေချာသိမ်းရမယ်ဆိုပြီးမှ ကျွန်တော်တို့ စားသောက်တာလေးတွေကို သူများဟာကို သိမ်းစရာမလိုဘူး။ လာတဲ့သူတိုင်း ကိုယ့်အမှိုက်လေးကို သေချာသိမ်းပြီးမှ စွန့်ပစ်သင့်တဲ့နေရာမှာ စွန့်ပစ်ပါလို့ အားလုံးကို သေချာမှာချင်ပါတယ်”

အခု ပွင့်လင်းရာသီမှာလည်း လာရောက်လည်ပတ်သူတွေ များလာနိုင်ပြီး ဧည့်သည်တွေ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေ မဖြစ်အောင် ထိန်းသိမ်းပေးဖို့ ဒေသခံတွေက လိုလားနေပါတယ်။

“ကျွန်မတို့ ဒီကိုလာတယ်ဆိုတာက သူငယ်ချင်းတွေနဲ့ လျှောက်လည်ပြီး ပျော်ပွဲစားတွေ ဘာတွေ ထွက်ကြတယ်။ ထွက်ရင်းနဲ့ ဒီနေရာကို ရောက်လာတယ်။ ဒီတောင်က အမြဲတမ်း လေတိုက်တယ်လေ။ အဲဒါကို ခံစားချင်လို့ လာခဲ့တာ။ အမှိုက်တွေ ဘာတွေ ကျတော့ ရှိနေတဲ့ဟာတွေကို ဒေသခံတွေကပဲ တာဝန်ယူပြီး ပစ်စေချင်တယ်။ သိမ်းစေချင်တယ်။ နောက်ထပ် လာတဲ့သူတွေရော ကိုယ်ပစ်တဲ့အမှိုက် ကိုယ်တာဝန်ယူပြီး ပစ်စေချင်တယ်။ အမှိုက်ပုံးလည်း ထားစေချင်တယ်”

ဒေသခံတွေက အမှိုက်တွေကို ကောက်ယူ သိမ်းဆည်းနေပေမယ့် စည်းကမ်းမဲ့ စွန့်ပစ်ကြတာကြောင့် သိမ်းမနိုင်ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“ကျွန်တော်တို့ အမှိုက်နဲ့ ပတ်သက်ပြီး လူငယ်တွေလည်း ဆွေးနွေးတာ ရှိတယ်။ ပထမတော့ ကျွန်တော်တို့ အမှိုက်တွေကို ကောက်ပြီး မီးရှို့တာရှိတယ်။ ဒုတိယအနေနဲ့ကတော့ ပီပါပုံးအခွံတွေ ထားပြီးတော့ အမှိုက်တွေ ပစ်ဖို့ လုပ်ထားတာရှိတယ်။ အဲဒါလည်း ထိထိရောက်ရောက် သိပ်မဖြစ်နိုင်ဘူးပေါ့။ အဲဒါကြောင့် ဒီဟာကို စနစ်တကျ ဖြစ်လာအောင် ကျွန်တော်တို့ အုတ်တွေစီပြီးတော့ အမှိုက်ကျင်းလုပ်ဖို့ စနစ်တကျ လုပ်ပြီး မီးရှို့နိုင်ဖို့ ကြိုးစားနေတုန်းလည်း ဖြစ်တယ်”

ဒီနှစ်မှာတော့ ကိုဗစ်ရောဂါကြောင့် လူစုလူဝေး မဖြစ်အောင် ကန့်သတ်ချက်တချို့ လုပ်ထားပေမဲ့ ပြီးခဲ့တဲ့ မိုးရာသီအချိန်ကတည်းက ဒီတောင်ကို လာရောက် အပန်းဖြေသူတွေ မပြတ်ခဲ့ဘူး။

“ဒီကိုလာတဲ့ အကြောင်းရင်းကတော့ သူငယ်ချင်းတွေနဲ့ ပျော်ဖို့၊ ပြီးရင် ချင်းပြည်နယ်ရဲ့ တောင်တောင်သဘာဝကို လေ့လာဖို့၊ အမှိုက်တွေက မထင်ရလောက်အောင် များနေတာပေါ့။ ပြီးရင် ဒီအမှိုက်တွေ ကင်းစင်အောင် သန့်ရှင်းဖို့ဆိုရင် ဒီဒေသခံဖြစ်ဖြစ် ဒီကိုလာတဲ့သူတွေ ဖြစ်ဖြစ် နိုင်ငံသူနိုင်ငံသားတွေပေါ်မှာလည်း တာဝန်ရှိတယ်လို့ ထင်ပါတယ်ဗျ။ ပြီးခဲ့တဲ့ဟာတွေတော့ အတိတ်မှာ ထားပြီးတော့ အခုကစပြီး လာတဲ့သူတွေဖြစ်ဖြစ်၊ လာမယ့်သူတွေဖြစ်ဖြစ် ဘယ်သူမဆို ကိုယ့်အမှိုက်တွေကို တာဝန်ယူပြီးတော့ ကိုယ်တွေ့ခဲ့တဲ့ အမှိုက်တွေကိုလည်း ကိုယ့်ဟာကို အသိစိတ်ဓာတ်နဲ့ နိုင်ငံကြီးသား စိတ်ဓာတ်နဲ့ ကောက်ဖို့ အဲဒါ တိုက်တွန်းချင်ပါတယ်”

စွန့်ပစ်အမှိုက်တွေကြောင့် သဘာဝပတ်ဝန်ကျင်းသစ်တော ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ထိန်းသိမ်းဖို့ဆိုရင် စည်းကမ်းမဲ့ အမှိုက်ပြစ်သူတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူလို့ ရနိုင်ကြောင်း တီးတိန်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက ပြောပါတယ်။

“ထိခိုက်နိုင်ပါတယ်။ကျွန်တော်တို့ မြေကြီးထဲမှာ ပလတ်စတစ်နဲ့လုပ်ထားတဲ့ ပလတ်စတစ်အိတ်တွေက နှစ်ပေါင်းတစ်ထောင်လောက် ဆွေးမြေ့ပျက်စီးဖို့ ကြာပါတယ်။ ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေနဲ့ ပြောရရင်တော့ သစ်တောမြေပြင်ပမှာ ဥပဒေသက်ရောက်မှု၊ အရေးယူရမှာ ခက်ခဲတယ်ဗျ။ ဒါပေမဲ့ အခုအသစ်ဖွဲ့စည်းတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက အရေးယူလို့ရ၊ မရဆိုတာ အရေးယူလို့ရရင် ပိုကောင်းမယ်ဗျ။ ကျွန်တော်သိသလောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှာ စွန့်ပစ်ပစ္စည်းတွေ အမှိုက်တွေကို သုံးမျိုးသုံးစားခွဲထားတာရှိတယ်။ ညစ်ညမ်းပစ္စည်းရှိမယ်၊ စွန့်ပစ်ပစ္စည်းနဲ့ ဘေးအန္တရာယ်ကျရောက်စေတဲ့ ပစ္စည်းရှိမယ်။ အဲလိုပစ္စည်းတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်ကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်နည်းနဲ့ ထိခိုက်မယ်ဆိုရင်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူလို့ ရနိုင်ပါတယ်။”

ချင်းပြည်နယ်က လေထန်ကုန်းမှာ အမှိုက်တွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာနိုင်တာကို ထိန်းသိမ်းဖို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက စိတ်ဝင်စားမှုနည်းနေပါတယ်။

မြို့တွင်းမှာတော့ အမှိုက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတာရှိပေမဲ့ ကနေဒီတောင်တန်းနဲ့ လေထန်ကုန်းလို လူအများသွားလာတဲ့နေရာကိုတော့ အမှိုက်သိမ်းဖို့နဲ့ ပတ်သက်ပြီး ဆွေနွေးတာမရှိသေးဘူးလို့ တီးတိန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခပ်ကျင့်ပေါင်က ပြောပါတယ်။

“အမှိုက်နဲ့ ပတ်သက်ပြီးတော့ မြို့ပေါ်က အမှိုက်ကိစ္စတော့ လွှတ်တော်မှာ ဆွေးနွေးတာရှိတယ်။ ကျွန်တော်တို့ ခရီးသွားတဲ့နေရာ၊ ဥပမာ လေထန်ကုန်းလို နေရာကျတော့ နည်းနည်းဘယ်လိုခေါ်ရမလဲ။ စီးပွားရေးအရ အကြီးအကျယ်လုပ်ငန်းလည်း မဟုတ်သေးတော့ အဲတာတွေတော့ ကျွန်တော်တို့ မဆွေးနွေးရသေးဘူး။ ကျွန်တော် ဖြစ်စေချင်တာတော့ အဲဒီကနေ ဒီတောင်ကနေ လေထန်ကုန်း၊ Thaang Maul၊ နောက်သိုင်းငင်း၊ ဗားလုံနားအထိ လမ်းအပေါ်ပိုင်းအားလုံးကို ကျွန်တော်က သဘာဝထိန်းသိမ်းရာမြေအဖြစ် သတ်မှတ်ပေးစေချင်တာ။ မြို့နယ်နဲ့ ပြည်နယ်က လူကြီးတွေက အစိုးရအဖွဲ့က သူတို့က မသတ်မှတ်ပေးဘူး။ နောက်သန့်ရှင်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ မတင်ပြရသေးဘူး”

နောက်ပိုင်းမှာတော့ ထန်မွောန်တောင်မှာ အမှိုက်ပုံးတွေ ထားရှိသွားဖို့ စီစဉ်ထားပြီး တောင်ရဲ့ သဘာဝအလှကို မပျက်စီးစေဖို့ လာရောက် အပန်းဖြေသူတွေအနေနဲ့ အမှိုက် စည်းကမ်းမဲ့စွန့်ပစ်ရာကနေ စနစ်တကျ စွန့်ပစ်ကြဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။