လက်ဆင့်ကမ်း သင်ယူသင့်တဲ့ ချင်းရိုးရာ ဂျပ်ခုတ်ရက်ကန်းပညာ

RFA Burmese
2024.04.30
လက်ဆင့်ကမ်း သင်ယူသင့်တဲ့ ချင်းရိုးရာ ဂျပ်ခုတ်ရက်ကန်းပညာ တီးတိန်မြို့နယ် စီးယင်းဒေသ ထုတ်လိုင်ကျေးရွာတွင် ချင်းရိုးရာ ဂျပ်ခုတ်ရက်ကန်းပညာ သင်ကြားပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

အသက် ၁၈ နှစ်အရွယ် မကိုင်းဆွမ်ဟွဲက “ဒီဟာက အမေတို့ အဖွားတို့ခေတ်ကတည်းကရှိတာ ကျွန်မတို့ရဲ့ ရိုးရာတစ်ခုဖြစ်တယ်။ အခုခေတ်မှာ လုပ်တတ်တဲ့သူ နည်းတယ်ဆိုတော့ ရိုးရာဂျပ်ခုတ်ကို မပျောက်ကွယ်အောင် ထိန်းသိမ်းချင်လို့ သင်တာဖြစ်တယ်”လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် စီးယင်းဒေသ ထုတ်လိုင်ကျေးရွာက ဂျပ်ခုတ်ရက်ကန်းသင်တန်းကို ဧပြီ ၁ ရက် နေ့ကနေ ၂၉ ရက်နေ့အထိ ဖွင့်လှစ်ထားတာပါ။

ဂျပ်ခုတ်အထည်တွေကို ချင်းလူမျိုးတွေ ဘိုးဘွားစဥ်ဆက်ကတည်းက တန်ဖိုးထား ဝတ်ဆင်ကြပြီး ဒီရက်ကန်းပညာဟာလည်း မိရိုးဖလာ ပညာရပ်တစ်ခုဖြစ်ပါတယ်။

ဂျပ်ခုတ်ရက်ကန်း အတတ်ပညာက ခက်ခဲတဲ့အပြင် သင်ကြားပေးနိုင်မယ့် ကျွမ်းကျင်သူလည်း နည်းနေတာပါ။ ဒါ့အပြင် ဂျပ်ခုတ်အထည်တစ်ခု ပြီးဖို့အတွက် အချိန်အများကြီးပေးရပြီး အခုနောက်ပိုင်း စက်ရက်ကန်းတွေလည်း ပေါများလာတာကြောင့် ဒီပညာရပ်ကို စိတ်ဝင်စားသူ နည်းလာတယ်လို့ ချင်းဒေသခံတွေက ပြောပါတယ်။

“ရိုးရာအထည်တွေ ရက်လုပ်တတ်လာတဲ့အခါ ရိုးရာဂျပ်ခုတ် ရက်ကန်းပညာရဲ့ တန်ဖိုးကို နားလည်လာပါတယ်”

အခုသင်တန်းမှာတော့ လူငယ် အမျိုးသမီး ကိုးဦးနဲ့ အမျိုးသား တစ်ဦး၊ စုစုပေါင်း ဆယ်ဦးရှိပါတယ်။

ရက်ကန်းပညာရပ်ကို အမျိုးသမီးတွေသာ တတ်ထားသင့်တယ်ဆိုတဲ့ အမြင်အစွဲရှိကြပေမယ့် စိတ်ဝင်တစားသင်ယူလိုတဲ့ အမျိုးသားတွေရှိသလို ဒီထဲမှာ ကိုတွလ်လည်း ပါဝင်ပါတယ်။

“ဒီရိုးရာနဲ့ပတ်သက်ပြီးတော့ တိမ်ကောလုနီးပါးဖြစ်တဲ့ ရိုးရာဂျပ်ခုတ်နည်းလို့လည်း ပြောလို့ရတယ်။ ကျွမ်းကျင်တဲ့သူ ရှိတုန်းပေါ့လေ။ ဒီဟာကို သင်ယူသင့်တယ်လို့ မြင်ပြီးလာသင်တာ။ ချင်းမှာကျတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ မိန်းကလေးတွေ လုပ်တဲ့အလုပ်လို့ပဲ ရှေးရိုးစွဲကြတာပေါ့လေ။ ဒါပေမဲ့ ဒီဟာကတော့ ဘယ်အလုပ်မဆို ဘယ်ပညာမဆို သင်ယူသင့်တယ်လို့ ကျွန်တော်ခံယူထားလို့ ဒီလိုမျိုး အခွင့်ရေးရတုန်း သင်ယူတာပါ”

ရိုးရာအထည်တွေ ရက်လုပ်တတ်လာတဲ့အခါ ရိုးရာဂျပ်ခုတ် ရက်ကန်းပညာရဲ့ တန်ဖိုးကို နားလည်လာတယ်လို့ အသက် ၂၅ နှစ်အရွယ် မဆွေစမ်းကျိန်က ပြောပါတယ်။

“အခုသင်တဲ့ဟာတွေက ကျွန်မအတွက် အကျိုးရှိတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးရာကို သိရတယ်။ ဒီသင်တန်းကနေ ရိုးရာဂျပ်ခုတ်ကို လုပ်တတ်တဲ့အပြင် ချင်းတဘက်အထည်တွေ ရက်လုပ်တဲ့အခါ စိတ်ပီတိဖြစ်တယ်။ လှလည်း လှတယ်။ စက်ရက်ကန်းနဲ့ ရက်တာထက် ချင်းဂျပ်ခုတ်နဲ့ ရက်တာက ပိုတန်ဖိုးရှိတယ်”

ဂျပ်ခုတ်ရက်ကန်းထည် တစ်ထည်ဟာ ကျပ် သုံးသိန်းကနေ ဆယ်သိန်းအထိ ရှိတတ်ပြီး ရက်လုပ်သူကတော့ အထည်တန်ဖိုးရဲ့ ထက်ဝက်ခန့်ကို လုပ်အားခအဖြစ် ရကြပါတယ်။

တီးတိန်မြို့နယ် စီးယင်းဒေသ ထုတ်လိုင်ကျေးရွာတွင် ချင်းရိုးရာ ဂျပ်ခုတ်သင်ရက်ကန်းပညာ သင်ကြားနေကြသူများကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
တီးတိန်မြို့နယ် စီးယင်းဒေသ ထုတ်လိုင်ကျေးရွာတွင် ချင်းရိုးရာ ဂျပ်ခုတ်သင်ရက်ကန်းပညာ သင်ကြားနေကြသူများကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

ပြည်တွင်းတွေမှာတော့ ဂျပ်ခုတ်ရက်ကန်းထည်တွေကို ဈေးနှုန်းများလို့ လူအများ မဝယ်နိုင်ကြပါဘူး။ ဒါကြောင့် ပြည်ပမှာနေထိုင်တဲ့ ချင်းလူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသားတွေအတွက် တစ်နိုင်တစ်ပိုင် တင်ပို့ရောင်းချတာ ဖြစ်ပါတယ်။

သင်တန်းပြီးတဲ့အခါ သင်ယူသူတွေ ဒီပညာနဲ့ ရိုးရာအထည်တွေ ရက်လုပ်ဖန်တီးပြီး ဝင်ငွေရနိုင်ဖို့ကို သင်တန်းဆရာမ ဒေါ်အွေးဇဒိမ်က မျှော်လင့်နေပါတယ်။

“စက်နဲ့ရက်တာနဲ့ ဒီရိုးရာဂျက်ခုပ်ကတော့ ကွာတယ်။ ဒီလိုမျိုး ရိုးရာဂျက်ခုတ်တာက ပိုပြီးချောတယ်၊ ကြည့်ကောင်းတယ်။ စက်နဲ့ရက်လုပ်တာက ကြမ်းကြမ်းလေးဖြစ်နေတယ်။ လက်ရက်တာက ကောင်းလည်း ကောင်းသလို ဈေးလည်းကြီးတယ်။ ကျွန်မဆိုရင် ဒီကနေ မရောင်းဘူး။ ထဘီအထည်တွေဆိုရင် အမေရိကက ကျွန်မသမီးဆီ ပို့လိုက်တယ်။ ချင်းတဘက်ဖြစ်ဖြစ်၊ ချင်းလွယ်အိတ်ဖြစ်ဖြစ်၊ နိုင်ငံခြားမှာ ရောင်းတယ်။ ဒီဟာ အခုသင်တဲ့သူတွေကလည်း စိတ်ဝင်စားတဲ့သူတွေက ကျွန်မလိုပဲ ဝင်ငွေရနိုင်ကြမယ်လို့ ယုံကြည်တယ်”

ဒီရိုးရာဂျပ်ခုတ်သင်တန်းကို စီးယင်းချင်း နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (SRBA) ရဲ့ အမျိုးသမီးအဖွဲ့က ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။