မီဇိုရမ်ပြည်နယ်ရောက် ချင်းပြည်ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မျှော်လင့်နေ

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ချင်းပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် တစ်သိန်း နီးပါးရှိလာပြီး အဲဒီအထဲက လေးသောင်းကျော်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံ နေရတယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့နဲ့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ စာရင်းတွေက ဖော်ပြ ပါတယ်။
အဲဒီ လေးသောင်းကျော်ထဲက လူဦးရေ ၆၀ လောက်ကတော့ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ နယ် Sihphir ရွာအနီးက ဒုက္ခသည်စခန်းလေးမှာ ယာယီခိုလှုံနေကြပါတယ်။ အများစုက တိုက်ပွဲတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ချင်းပြည်နယ် မတူပီနဲ့ တီးတိန်မြို့နယ် ကနေ ထွက်ပြေးလာကြသူတွေပါ။
အဲဒီဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ အမည်မဖော်လိုတဲ့ CDM ဝန်ထမ်းတစ်ဦးရဲ့ အမျိုး သမီးက ဒီစခန်းမှာ နေ့စားအလုပ်လုပ်ဖို့ မရှိတာကြောင့် စားဝတ်နေရေးခက်ခဲနေတယ်လို့ RFA ကို ပြောပါတယ်။
"ကျမယောက်ျား အရင်သွားတယ်။ မတ်လ ၉ ရက်က သွားတာ။ ကျမကတော့ မတ်လ ၁၁ ရက်နေ့မှ လိုက်လာတာ။ ကလေးတွေကတော့ ဧပြီ ၈ ရက်နေ့မှာ ရောက်လာတယ်။ ဒီမှာနေရတာက စားဖို့သောက်ဖို့ ငွေရှာရတာ မလွယ်ဘူး။ နိုင်ငံခြားကနေ ထောက်ပံ့နိုင်တဲ့ အမျိုးတွေလည်း မရှိဘူး။ ဒီတိုင်း ရုန်းကန်နေရတာပေါ့။ နိုင်ငံရေးအခြေအနေ မြန်မြန် ကောင်းစေချင်တယ်။ အရေးတော်ပုံ မြန်မြန် အောင်စေချင်တယ်။ ဒီမှာ ၀င်ငွေလည်း ရှာမရ၊ စကားလည်း မတတ်တော့ နေထိုင်ရတာ တအားခက်ခဲပါတယ်"
Sihphir ကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်း သူ ၂၂ ဦးရှိပြီး စခန်းနဲ့ ကျောင်းက သုံးမိုင်လောက် ဝေးတာကြောင့် ဖယ်ရီကားငှားပြီး ကျောင်းတက်နေရတယ်လို့ ဆိုပါတယ်။
ကျောင်းအသုံးစရိတ်အပြင် အသွားအလာစရိတ်ပါ ကုန်နေတာကြောင့် ခက်ခဲတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
CDM ဝန်ထမ်းဖြစ်တဲ့ ဒေါ်ကျင်ကျင် ကလည်း ချင်းပြည်နယ်မှာ အခြေအနေတွေ ဆိုးလာ တဲ့အခါ တီးတိန်ကနေ နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ မိသားစုနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။ သူတစ်ပါးနိုင်ငံ နယ်စပ်ဒေသက စစ်ရှောင်စခန်း သုံးခုမှာ ပြောင်းရွှေ့ နေထိုင်ရင်း အခုတော့ သူတို့မိသားစု Sihphir ရွာ ဒုက္ခသည်စခန်းလေးကို ရောက်နေ ပါတယ်။
ဒေါ်ကျင်ကျင်မှာ ကလေး လေးဦးရှိတဲ့အပြင် လက်ရှိမှာလည်း ကိုယ်ဝန်ခုနစ်လ လွယ်ထား ရတာမို့ စားဝတ်နေရေးအပြင် မီးဖွားစရိတ်အတွက်ပါ စိတ်ပူနေရတယ်လို့ ဆိုပါတယ်။
"ကျမယောက်ျားက CDM ၀င်တယ်ဆိုတော့ စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ နေရမယ် ဆိုရင် အဖမ်းခံရမှာကြောက်လို့ တီးတိန်ကို ကျမယောက်ျားက အရင်ရောက်လာတယ်။ ပြီးတော့မှ ကျမနဲ့ သားသမီးတွေနဲ့ လိုက်လာကြတာ။ အဓိက ကတော့ ပိုက်ဆံရှာရတာ ခက်ခဲတယ်။ ကလေးတွေလည်း ရှိတော့ နေမကောင်းတဲ့အခါ ဆေးရုံဆေးခန်းပြဖို့ ဆေးကုသဖို့ မလွယ်ဘူး။ အခု ကိုယ်ဝန်နဲ့ဆိုတော့ ကလေးမွေးဖို့ ပိုက်ဆံတစ်ပြားမှ မရှိသေးဘူး။ လက်ရှိ ကလေးကတော့ လေးယောက်ရှိတယ်။ ကလေးတွေကို ရွာက ကျောင်းတွေမှာ ကျောင်းတက်ခိုင်းတယ်။ ကျောင်းနဲ့ စခန်းနဲ့ကဝေးတော့ သွားစရိတ် လာစရိတ်က ပေးရတော့ ခက်ခဲပါတယ်။ ကိုယ်ဝန်ကတော့ ခုနစ်လပါ။ မွေးခါနီးပြီ ဆိုတော့ ဆေးခန်းပြဖို့ လိုလာပြီ။ အခုထိ မပြနိုင်သေးဘူး"
အရင်က ချင်းပြည်နယ်မှာ အစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင်ပြီး အခု သူတစ်ပါးနိုင်ငံက ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတဲ့ ဦးကပ်လျန် ကလည်း လက်ရှိမှာ စားဝတ်နေရေး ခက်ခဲလွန်းတာကြောင့် ရရာ နေ့စားအလုပ်ကို ၀င်လုပ်နေရတယ်လို့ ပြောပါတယ်။
"ဒီမှာနေရတာက စားဖို့သောက်ဖို့ ငွေရှာရတာ မလွယ်ဘူး"
မီဇိုရမ်ဘာသာစကားကို နားမလည်တာကြောင့် အလုပ်ရဖို့ အခက်အခဲရှိသလို ဝင်ငွေ မရှိတာကြောင့် ကလေးတွေ ကျန်းမာရေးအတွက် စိတ်ပူနေရတယ်လို့ ဦးကပ်လျန် က ပြောပါတယ်။
"နေ့စားကတော့ ပုံမှန် မလုပ်ရဘူး။ သူတို့ခေါ်တဲ့အချိန်မှပဲ လုပ်ရတယ်။ ဘာသာ စကားလည်း မပေါက်တဲ့ အခါကျတော့ ကျနော်တို့မှာ ခက်ခဲတယ်။ အလုပ် ဘယ်လိုရှာ ရမလဲဆိုတာ ကျနော်တို့ မသိဘူး။ သူတို့က အလုပ်လုပ်ချင်လားလို့ ခေါ်တဲ့အချိန်မှ ကျနော်တို့ သွားရတယ်။ ဒါတောင်မှ ပုံမှန်မရှိဘူး။ မိဘတွေက ကျောင်းထောက်ပံ့ရတာ၊ စားဝတ်နေရေး၊ ကလေးတွေ ဖျားနာတာမျိုး ရှိတဲ့အခါမျိုးတွေ လုံလောက်မှုမရှိဘူး"
မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ နယ် Sihphir ရွာ ဒုက္ခသည်စခန်းက မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည်တွေဟာ နိုင်ငံငြိမ်းချမ်းပြီး ကိုယ့်အိမ်ကို အမြန်ဆုံးပြန်နိုင်ဖို့ မျှော်လင့် နေကြတယ်လို့လည်း ဦးကပ်လျန်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသား ဒုက္ခသည်တွေဟာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကနေ ထွက်ပြေး တိမ်းရှောင်သွားသူတွေ ဖြစ်ပါတယ်။
ဒီကနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လျှို့ဝှက်စာ အရ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခိုလှုံလာတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ရေး အတွက် မီဇိုရမ်ပြည်နယ်အစိုးရက တင်ပြလာတာကြောင့် ဒီကိစ္စကို ပြည်ထောင်စုအဆင့် ဗဟိုအဆင့်က ဆွေးနွေးဆောင်ရွက်ပေးဖို့ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းထံ တင်ပြထားတာ တွေ့ရပါတယ်။
ဩဂုတ်လ ၅ ရက် ရက်စွဲတပ်ထားတဲ့ အဲဒီလျှို့ဝှက်စာမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် လက်မှတ်ထိုးထားပြီး စစ်ကောင်စီရဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနတွေနဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် အစိုးရအဖွဲ့တွေထံ ပူးတွဲတင်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးချမ်းအေး ကို RFA က ဒီနေ့အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြား ခြင်း မရှိပါဘူး။