ချင်းရိုးရာဂျပ်ခုတ်ထည်တွေကို ပန်းချီပညာနဲ့ ပေါင်းစပ်ဖန်တီးနေသူ
2024.05.18

ကဗျာဆရာမလည်းဖြစ် ပန်းချီလည်းဆွဲရင်း မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးနေတဲ့ အန်နာဗျက်ခ်ထမွေးဟာ သူမွေးဖွားရာဇာတိ ဟားခါးက ချင်းရိုးရာလက်မှုရိုးရာတွေကို သူဝါသနာပါတဲ့ ပန်းချီအနုပညာနဲ့ပေါင်းစပ်ပြီး ရိုးရာဂျပ်ခုတ်ထည်တွေကို လူငယ်တွေကြားထဲ ဆန်းသစ်အောင် စတင်ဖော်ထုတ်လာခဲ့ပါတယ်။
သူ့မွေးရပ်မြေဖြစ်တဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာပဲ ရိုးရာချင်းလက်မှုရက်ကန်းလက်မှုပညာရှင်တွေကို အလုပ်အကိုင်ရဖို့နဲ့ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ရိုးရာဒီဇိုင်းတွေကနေ ကိုယ်ပိုင်ဟန်တွေနဲ့ အိုင်းဒီးအမှတ်တံဆိပ်နဲ့ အထည်တွေကို ၂၀၁၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပါတယ်။
“ချင်းမှာလည်း မျိုးနွယ်စုတွေကလည်း အများကြီး၊ မျိုးနွယ်စုတစ်စုမှာတောင်မှ အထည်တွေက အမျိုးမျိုးရှိတယ်ပေါ့နော်။ ဇာတိက ဟားခါးဖြစ်နေတယ်ဟာကျတော့ ဟားခါး၊ ထန်တလန်တွေက ပြီးရင် နှစ်ဖက်စလုံးအဘွားတွေ အကုန်လုံးကလည်း ဂျပ်ခုတ်ရက်ခဲ့တဲ့သူတွေ၊ တကယ့်ပညာရှင်တွေပေါ့နော်။ သဘာဝဆိုးဆေးတွေလည်း သူတို့ခေတ်တွေက လုပ်ခဲ့ကြတာဆိုတော့ အဲတာတွေကို အဘွားကပြန်ပြောင်းပြောတော့ စိတ်ဝင်စားတာပေါ့နော်။ ကိုယ်က ပန်းချီအနုပညာဘက်ကို စိတ်ဝင်စားတဲ့အခါကျတော့ အဲဒီကနေမှ ကိုယ်ရဲ့ဒေသအထည်တွေက ဘာတွေလဲဆိုတာ စပြီးလေ့လာဖြစ်တာပေါ့နော်။”
ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရိုးရာဒီဇိုင်းတွေနဲ့ သူ့ရဲ့ ပန်းချီအနုပညာအခြေခံတွေပေါင်းစပ်ပြီး အိုင်းဒီးတံဆိပ်နဲ့ ချင်းရိုးရာအထည်တွေကို ပြည်တွင်းသာမက ကဗ္ဘာတစ်ဝန်းမှာရောက်နေတဲ့ ချင်းတိုင်းရင်းသားတွေကြားထဲ သူစျေးကွက် ချဲ့ထွင်နိုင်ခဲ့ပါတယ်။
ရိုးရာရက်ကန်းတွေ ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ ချင်းပြည်နယ်မှာ ရိုးရာရက်ကန်းစင်တွေကို လက်မှုပညာရှင် ၁၅၀ ခန့်နဲ့ ပြန်လည်ထူထောင်ရင်း အိုင်းဒီးရက်ကန်းအိမ်ကို ဖွင့်လှစ်ခဲ့ပါတယ်။
“ချင်းပြည်နယ်မှာကို ရက်ကန်းစင်တွေ တည်ထောင်တာပေါ့နော်။ ဘာလို့လဲဆိုတော့ ချင်းပြည်နယ်မှာ ရက်ကန်းစင်က တကယ့်ကို လုပ်ငန်းအနေနဲ့နည်းသေးတယ်ပေါ့နော်။ ဂန့်ဂေါ်တို့ ကလေးတို့မှာပဲ ဒီချင်းအထည်တွေက တောက်လျှောက်ထွက်နေတုန်းပဲဆိုတော့ တကယ့်ချင်းအထည်ထွက်အောင်ဆိုတဲ့ ရည်မှန်းချက်နဲ့ ပေါ့နော်။”
ရိုးရာလက်မှုထည်တွေကနေ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာအမွေအနှစ်ကို ပြသနိုင်ဖို့ ကြိုးစားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအတွက်တော့ ရပ်တည်ရတာတော့ လွယ်ကူမနေပါဘူး။
အသင့်ချုပ်စျေးကွက်ထဲမှာ သူဖန်တီးထုတ်လုပ်ထားတဲ့ ရိုးရာထည်တွေ၊ အတုကူးယူချုပ်လုပ်တာကနေ ကာကွယ်ရင်း သူ့လုပ်ငန်းလေး ရပ်တန့်မသွားဖို့အတွက် ကြံ့ကြံ့ခံရပ်တည်နေရတာပါ။
အခုအချိန် တစ်နိုင်ငံလုံးစစ်ဖြစ်နေချိန်မှာ ချင်းပြည်နယ်ကလည်း တော်လှန်တိုက်ပွဲတွေနဲ့ အရှိန်ဟုန်ပြင်းနေပါတယ်။ စစ်ဘေးကနေ ကင်းလွတ်အောင် ထွက်ပြေးတိမ်းရှောင်ရင်း အထည်ရက်လုပ်နေတဲ့ ရိုးရာရက်ကန်းသံလည်း တိတ်ဆိတ်လို့လာနေပါပြီ။
“စစ်ဖြစ်ပြီးတော့ စစ်ဘေးရှောင်ကြတယ်။ အဲဒီမှာ သူတို့ အိန္ဒိယဘက်ကို စစ်ဘေးရှောင်ကြတဲ့သူတွေအများကြီးဖြစ်တယ်။ လူငယ်ပိုင်းတွေဆိုလည်း နိုင်ငံခြားထွက်ကြတယ်။ သူတို့ရတဲ့နည်းနဲ့ထွက်ကြတယ်။ထန်တလန်ဆို တစ်မြို့လုံးနီးပါး မီးလောင်သွားတယ်ဆိုရင် သူတို့စုထားတဲ့ချင်းအထည်တွေ မီးထဲပါသွားပြီ။“
ဒီလိုနဲ့ အမေရိကန်ပြည်ထောင်စုကို ၂၀၂၀ မှာရောက်လာခဲ့သူအနေနဲ့ အိမ်ပြန်ခွင့်မရသေးတဲ့သူ့အတွက် အိမ်လွမ်းစိတ်တွေနဲ့အတူ သူနေထိုင်ရာ အင်ဒီယားနားပြည်နယ်မှာ ချင်းရိုးရာလက်မှုသင်တန်းတွေမျှဝေပေးနိုင်ဖို့ Traditional Arts Indiana မှာ သူအလုပ်ဝင်ရောက်လုပ်ကိုင်နေပါတယ်။
ချင်းလူမျိုးအများစုရှိတဲ့ အင်ဒီယားနားပြည်နယ်မှာ ချင်းလက်မှုပညာရှင်တွေအတွက် Traditional Arts Indiana က လက်မှုသင်တန်းတွေ ဖွင့်လှစ်ရင်း ရက်ကန်းတွေနဲ့ ချင်းဂျပ်ခုတ်ထည်တွေ ပေါ်ထွန်းလာအောင် အန်နာဗျက်ခ်ထမွေး တစ်ယောက် နိုင်ရာကနေ ကြိုးစားနေပါတယ်။
“အင်ဒီယားနားမှာရှိတဲ့ လက်မှုပညာရှင်တွေ အတတ်ပညာရှင်တွေကို စုစည်းပြီးတော့ သူတို့တွေ ဆက်ပြီးလုပ်နိုင်အောင်၊ အထူးသဖြင့်သက်ကြီးရွယ်အိုတွေပေါ့၊ ဒါတွေကိုတတ်တဲ့ သူတို့ရဲ့ပညာရပ်တွေ အလကားမဖြစ်သွားအောင် ကူညီထောက်ပံ့ပေးတဲ့အဖွဲ့အစည်းမှာ ကိုယ်က Part Time အလုပ်အနေနဲ့ ချင်း Community မှာ ခိုလှုံကြတဲ့ Immigrant တွေမှာ အတတ်ပညာရှင်တွေအများကြီးရှိတယ်။ ဒါပေမယ့် သူတို့မှာ ရက်ကန်းယက်ဖို့ အချိန်လည်းမရဘူး။ အကုန်လုံးက ware house လိုမျိုးမှာပဲ သူတို့ရဲ့ skill တွေ အသုံးမချနိုင်ဘူးဖြစ်နေတယ်။“
အနုပညာနဲ့မွေ့လျော်ပျော်တဲ့ အန်နာတစ်ယောက် ချင်းရိုးရာထည်တွေ ဖန်တီးနေရတာက မွေးရပ်မြေအဝေးမှာ ရှင်သန်နေရတဲ့သူ့အတွက် အနုပညာကုထုံးတစ်ခု ဖြစ်လာခဲ့ပါပြီ။
အမေရိကန်ပြည်ထောင်စုမှာ ရပ်တည်ရေးအတွက် တစ်ဖက်က သူကြိုးစားနေသလို ရိုးရာချင်းထည်တွေနဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုထိုးဖောက်အောင်မြင်ဖို့အတွက် သူ့အိပ်မက်တွေကို ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။
သဘာဝဆိုးဆေးတွေနဲ့ ချုပ်လုပ်ထားတဲ့ ချည်ထည်တွေအများအပြားရှိနေချိန်မှာ အိုင်းဒီးအမှတ်တံဆိပ်နဲ့အတူ ရိုးရာဂျပ်ခုတ်ထည်တွေတန်ဖိုးကို ထိန်းသိမ်းနိုင်ဖို့ အန်နာတစ်ယောက် သူနိုင်တဲ့အားနဲ့ ဆက်လက်လျှောက်လှမ်းနေပါတယ်။
တိုင်းပြည်ငြိမ်းချမ်းလာမယ့်တစ်နေ့ သူချစ်တဲ့ ချင်းတောင်တန်းတွေက အိုင်းဒီးရက်ကန်းရုံလေးမှာ ပြန်လည်ခိုလှုံနိုင်မယ့်နေ့ကို သူမျှော်လင့်နေဆဲ ဖြစ်ပါတယ်။